Top News

တေးသံရှင်ကျားပေါက်နှင့်တွေ့ဆုံခြင်း
24htopnews | September 28, 2024 10:12 AM CST

သီချင်းရေးသားသူ၊ သီဆိုသူ၊ ကိုယ်တိုင်တီးခတ်သူအဖြစ်သာမက ပန်းချီရေး ဆွဲခြင်း၊ စာရေးသားခြင်းစသည့် အနုပညာလုပ်ငန်းများကိုပါ လုပ်ဆောင်လျက် ရှိသည့် တေးသံရှင်ကျားပေါက်မှာ ဖန်တီးသည့်အနုပညာတိုင်းအပေါ်တွင်ပရိသတ် အားပေးမှုရရှိထားသူဖြစ်သည်။ လတ်တလောတွင် Myanmar Beer နှင့်ပူး ပေါင်းကာ မြို့အများအပြား၌ Music Tour  များ လှည့်လည်ဖျော်ဖြေရန် စီစဉ် ထားသည့်အပြင် မကြာခင်ပြုလုပ်မည့် FG Live Lounge ဂီတဖျော်ဖြေပွဲ တွင်လည်း ဖခင်ဖြစ်သူ တေးသံရှင်ရင်ဂို၏ တင်ဆက်မှု၌ ပူးပေါင်းပါဝင်မည်ဖြစ် သည်။ တေးသံရှင်ကျားပေါက်နှင့်တွေ့ဆုံဖြစ်သည့်အခိုက် လတ်တလော လုပ် ဆောင်လျက်ရှိသည့် အနုပညာဖန်တီးမှုများ၊ ရှေ့ဆက်လုပ်ဆောင်သွားရန်စီစဉ် ထားသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ Hey Now သီချင်းဖန်တီးဖြစ်ခဲ့တဲ့ အမှတ်တရလေးပြောပြပေးပါဦး။

ဖြေ။ Myanmar Beer ရဲ့ Theme Song အသစ်ပေါ့။ ထွက်တာတော့ နှစ် လသုံးလလောက်ရှိပြီ။ ကျွန်တော်မြန်မာဘီယာနဲ့ လက်တွဲဖြစ်ကတည်းက လုပ်ရမယ့်တာဝန်မှာ အဲဒါလည်းပါတယ်။ Lyrics Video  လေးလည်း ထုတ် ထားပါတယ်။ မကြာခင် Music Videoထွက်မှာပါ။

မေး။ သီချင်းဖန်တီးမှုအပိုင်းကိုရော ဘယ်လိုဖန်တီးခဲ့လဲ။

ဖြေ။ ကျွန်တော်တို့ပုံစံအတိုင်းကိုမှ နည်းနည်းမြူးတဲ့ဘက်ကို သွားတယ်။ Positive vibe ဘက်ကိုသွားတယ်။ လူတွေကို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား တတ်အောင်ရေးထားတာပါ။ မြန်မာဘီယာကလည်းနဂိုကတည်းက ဘီယာ Commercial သီချင်းနဲ့မတူချင်ဘူး။ ရိုးရိုးသီချင်းတစ်ပုဒ်ပဲ။ Message လေး တော့ပါစေချင်တယ်ဆို တော့ ကိုယ်လုပ်ထားတဲ့အလုပ်ကိုမှ ကိုယ်တိုင်ဂုဏ်ယူ တတ်ဖို့ဆိုတဲ့ Theme နဲ့ သွားထားတာပါ။

မေး။ Big Bag ရဲ့ Official Website မိတ်ဆက်တာနဲ့ပတ်သက်လို့ ပြောပြပါဦး။

ဖြေ။ Official Website က ဝင်ကြည့်လို့ရပါပြီ။ သီချင်းနှစ်ပုဒ်ကို တင်ထား ပေးတယ်။ ဝေးသွားလည်းရယ်၊ နားလည်ပါရယ်နှစ်ပုဒ်ပေါ့။ Remaster ပြန် လုပ်ထားတဲ့ Version ပေါ့။ Download လုပ်လို့ရမယ်။ နားထောင်လို့ရမယ်။ Page တုန်းကတော့ သူများပလက်ဖောင်းပေါ်မှာ ဝင်နေရတဲ့သဘောပေါ့။ နောက်ပိုင်းကျရင်တော့ ကျွန်တော်တို့ Website မှာ အခွေဝယ်တာမျိုးကအစလုပ်လို့ရအောင်လုပ်သွားမယ်။ ကျွန်တော်တို့မှာ အရင်ကရှိခဲ့ဖူးတယ်။ မကြည့်နိုင်လို့ ဆက်မလုပ်ဖြစ်ခဲ့ဘူး။ အခုကတော့  သေချာလုပ်ဆောင်ပေးမယ့် အဖွဲ့နဲ့ဆိုတော့ လုပ်ဖြစ်တာပါ။

မေး။ သီချင်းအသစ်တွေရော လုပ်ဖြစ်နေလား။

ဖြေ။ ကျွန်တော့်နောက်အခွေက အောက်တိုဘာလကုန်မှာ စပြီးအသံသွင်းပါမယ်။ ရေးတာက ရုပ်ရှင်ပရောဂျက် တစ်ခုနှစ်ခုလောက်ရှိတယ်။ ရုပ်ရှင် ကားကြီးတစ်ကားလုံးရဲ့ Music Producer ပုံစံပေါ့။ Theme song ရော၊ Background Music ရော၊ သီချင်းတွေ ရေးပေးတီးပေးတာမျိုးရောပေါ့။ ပြီးတော့ ဇာတ်လမ်းတွဲတစ်ခုအတွက် ကျွန်တော်လုပ်နေတာရှိတယ်။ ကျန်တာကတော့ Illustration  ပေ့ါ။ ဦးလှိုင်(သုခမိန်လှိုင်)ရဲ့ ကဗျာစာအုပ်အသစ် မှာ တစ်အုပ်လုံးအတွက် ကျွန်တော် Illustration လုပ်ဖို့ရှိပါတယ်။ အခွေသစ်အတွက်ကတော့ တီးနေရင်းကိုပဲ ရုပ်သံကနေ ပြသသွားမယ့်အစီအစဉ်မျိုးတွေလည်းရှိတယ်။ လုပ်မယ့်အစီအစဉ်တွေသေချာရင် အသိပေးပါမယ်။ လက်ထဲမှာတော့ သီချင်းသစ် ၁၂ ပုဒ်၊ ၁၃ ပုဒ် လောက်ရှိပါတယ်။ demo ပဲ ပြီးသေးတာဆို တော့ဘယ်လို ပုံစံထွက်လာဦးမလဲတော့ မသိသေးဘူး။ Creation ကတော့ ကျွန်တော်တို့အတွက် အပုဒ်တိုင်းက အသစ်ပါပဲ။

မေး။ ရှိုးဆိုဖို့ရော စီစဉ်ထားတာရှိမလား။

ဖြေ။ ရှိုးကမြန်မာဘီယာနဲ့ မြို့တွေတော်တော်များများ သွားဖို့ရှိ ပါတယ်။ ပွင့်လင်းရာသီမှပေါ့။ ကြားထဲမှာတော့ အဖေ့ရဲ့ FG Live Loung ပွဲမှာ ဝင်ဆိုဖို့ရှိတယ်။ ပွဲအသေးလေးတွေ လက်ခံထား တာလည်းရှိတယ်။ သေချာတော့မမှတ်မိဘူး။ မြန်မာဘီယာနဲ့ ပွဲတွေကတော့ ပွင့်လင်းရာသီမှပဲ စမှာပါ။

မေး။ ဦးရင်ဂိုရဲ့ FG Live Loung ပွဲမှာဝင်ဆိုဖို့ စီစဉ်ထားတာလည်း ပြောပေးပါဦး။

ဖြေàကျွန်တော်ရယ်၊ ကျွန်တော့်ညီမ (ဟန်နေလွင် လွင်)ရယ် အဖေရယ်သုံးယောက်ပေါ့။ အဓိကတော့ အဖေ့ပွဲပါ။ ကျွန်တော်တို့က အမှတ်တရအနေနဲ့ဝင်ဆိုမယ့် သဘောပေါ့။ တစ်ပုဒ်နှစ်ပုဒ်စီပဲ ဝင်ဆိုမှာပါ။ ဒရမ်လည်းတီးချင် တယ်လို့တော့ပြောထားတယ်။

မေး။ ကျားပေါက်ရဲ့သီချင်းဖန်တီးမှုကို ပရိသတ်ကအရမ်းအားပေးကြသလို စာ အုပ်ရေးတာကိုလည်း ကြိုက်ကြတယ်။ ပန်းချီဆွဲတဲ့အခါလည်း သဘောကျတယ် ဆိုတော့ အနုပညာအစုံကို ဖန်တီးနေတဲ့သူတစ်ယောက်ရဲ့ခံစားမှုဆိုရင်ရော။

ဖြေ။ တစ်ခုခုကို ငြီးငွေ့လွယ်တာနဲ့တူပါတယ်။ တစ်ခုတည်းမှာ ကျွန်တော် အာရုံအကြာကြီးစိုက်နေရတာမျိုးကို သဘောမကျဘူး။ အလုပ်တွေအများကြီးကို တစ်ပြိုင်နက်တည်း focus တွေထားပြီး ကြိုးစားရတာမျိုးကိုကြိုက်တယ်။ တစ်ခုခုမှာ အရမ်းတော်တာမျိုး တော့လည်းမဟုတ်ဘူး။ ဒါပေမဲ့ အကြောင်းအရာပေါင်းစုံမှာအာရုံ ဖြန့်ပြီး ကြိုးစားတာပေါ့။

မေး။ ပန်းချီတွေရော ထပ်ဆွဲဖြစ်နေလား။

ဖြေ။ ဆွဲဖြစ်တယ်။ ကျွန်တော်ပြောခဲ့သလိုပဲ တစ်ခုမဟုတ်တစ်ခု လုပ်နေတာပဲဆိုတော့ သီချင်းရေးချင်တဲ့အခါရေးသလို မရေးဖြစ် တဲ့အချိန်မှာပန်းချီဆွဲဖြစ်တာပဲ။ အဲဒီလိုမှ မဟုတ်ရင် စာရေးဖြစ် တယ်။ စိတ်ထဲမှာပေါ်လာတဲ့ ဖန်တီးမှုအတိုင်း လုပ်ဖြစ်တာပဲပေါ့။

မေး။ ဦးရင်ဂိုနဲ့ပရိသတ်တွေအတွက် အမှတ်တရဖြစ်မယ့် FG Live ပွဲ အတွက်ရော အမှတ်တရပြောချင်တာမျိုး ရှိမလား။

ဖြေ။ FG LiveLoung ပွဲက ပရိသတ်တွေနဲ့ အနုပညာရှင်က နီးနီးကပ်ကပ် မိသားစုပုံစံမျိုးဖျော်ဖြေရတာဆိုတော့ အဖေ့ပရိသတ် တွေအတွက် အမှတ်တရဖြစ်မှာပါ။ အဖေလည်း အများကြီးပြင် ဆင်နေတယ်။ ကျွန်တော်တို့သားအဖသုံးယောက်ရဲ့ အမှတ်တရ တင်ဆက်မှုလည်းပါမယ်။ အဲဒီနေ့ပွဲအတွက်လည်း ဖိတ်ခေါ်ပါ တယ်။                                                    

 


READ NEXT
Cancel OK