Top News

သရီးဒီအန်နီမေးရှင်း ကာတွန်းဇာတ်ကား Angry Bird Movie 2 ကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ရှိ ရုပ်ရှင်ရုံများ၌ စက်တင်ဘာ ၅ ရက်မှစ၍ ရုံတင်ပြသ
24htopnews | September 28, 2024 10:12 AM CST

သရီးဒီအန်နီမေးရှင်း ကာတွန်းဇာတ်ကား Angry Bird Movie 2 ဇာတ်ကားကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ရှိ ရုပ်ရှင်ရုံများ၌ စက်တင်ဘာ ၅ ရက်မှစတင်ကာ ရုံတင်ပြသမည်ဟု သိရသည်။

လူကြိုက်များကာ နာမည်ကျော်သည့် ဂိမ်းကိုအခြေပြုကာ ဇာတ်လမ်းဖွဲ့ရိုက်ကူးခဲ့သည့် Angry Bird ဇာတ်ကား၏ ဒုတိယမြောက်ဇာတ်ကားဖြစ်သည့် Angry Bird Movie 2 ဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ သြဂုတ် ၁၄ ရက်မှ စတင်ပြသခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားအား အမေရိကန်နိုင်ငံအတွင်းရှိ ရုပ်ရှင်ရုံများမှ ပြသမှုမှရရှိသည့် ဝင်ငွေသည် သြဂုတ် ၁၈ ရက်အထိ ဒေါ်လာ ၁၀ သန်း ကျော်ခဲ့သည်ဟု သိရသည်။

ပထမပိုင်းဇာတ်လမ်းတွင် ရန်သူများဖြစ်ခဲ့ကြသည့် ငှက်အဖွဲ့နှင့် ဝက်အဖွဲ့တို့အား ပူးပေါင်းကြရန်လိုအပ်ကြောင်း ဝက်အဖွဲ့မှ ဝက်စိမ်းတစ်ကောင်က တိုက်တွန်းလာခဲ့သည်။ သို့အတွက် ငှက်များအားလုံးအံ့သြ ကြရသည်။

ငှက်အဖွဲ့မှ စူပါဟီးရိုးများဖြစ်ခဲ့ကြသည့် Red, Chuck နှင့် Bomb တို့လည်း အံ့သြခဲ့ရပြီး အကြောင်းရင်းကို စုံစမ်းကြတော့သည်။ အဖွဲ့နှစ်ဖွဲ့အား ဖျက်ဆီးရန်အတွက် ရေခဲပြင်ကို အကာအကွယ်ယူထားသည့် ကျွန်းတစ်ကျွန်းမှ ရန်လိုကာခက်ထန်ကြမ်းတမ်းသည့် ငှက်အုပ်စုတစ်စုက လက်နက်ကြီးတစ်ခုကို ဖန်တီးနေခဲ့သည်ကိုသိရှိခဲ့ ကြရသည်။

သို့အတွက် ငှက်အဖွဲ့နှင့် ဝက်များအဖွဲ့မှ အတော်ဆုံးနှင့် ဉာဏ်ရည်အမြင့်မားဆုံး လက်ရွေးစင်များကို ရွေးထုတ်ကာ ငှက်ဆိုးအုပ်စုအတွင်းရှိ လက်နက်ကို ဖျက်ဆီးနိုင်ရန်အတွက် စီစဉ်လုပ်ဆောင်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုအစီအစဉ်၌ ကြုံရသည့်အဖြစ်များကို Angry Bird Movie 2 ဇာတ်ကားတွင် စိတ်လှုပ်ရှားဖွယ်၊ ပျော်ရွှင်ရယ်မောဖွယ် ရိုက်ကူးထားသည်။

Angry Bird Movie 2 ဇာတ်ကားကို ဒါရိုက်တာ Thurop Van Orman ရိုက်ကူးပြီး Jason Sudeikis, Josh Gad, Leslie Jone, Bill Harder စသည့် အနုပညာရှင်များက နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၂၊ မင်္ဂလာ ၂၊  JCGV ၊ Mingalar Gold Class ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း၊ တောင်ကြီးရှိ City Square တို့၌ ရုံတင်ပြသထားသည်။

 

 


READ NEXT
Cancel OK