Music Video ဒါရိုက်တာတစ်ဦးအဖြစ် လှပသည့် ရိုက်ကူးပုံဖော်မှုများနှင့် တွဲဖက်သိမြင်စေခဲ့သူ ဒါရိုက်တာထူးပိုင်ဇော်ဦးသည် ပထမဆုံးရုပ်ရှင်ဇာတ်ကား ‘ည’ တွင် တစ်မူကွဲပြားသည့် ဇာတ်လမ်းတည်ဆောက်မှု အလှည့်အပြောင်းဖြင့် ပရိသတ်အားပေးမှုများ ရယူနိုင်ခဲ့သူဖြစ်သည်။ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကား ‘သူစိမ်းအိမ်’ အား ယခုနှစ်အတွင်းရုံတင်ပြသရန် စီစဉ်ထားကာ တတိယမြောက်ဇာတ်ကားအဖြစ် ဆရာမဂျူး၏ ‘လရဲ့အောက်ဘက်မိုင်အဝေးမှာ’ ကို စတင်ရိုက်ကူးလျက်ရှိသည်။ ဝတ္ထုတွင်ပါဝင်သည့် အဓိကကျသောဇာတ်ရုပ်များအား ကြိုတင်ရွေးချယ်ကာ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ပြီးမှသာ စတင်ရိုက်ကူးလျက်ရှိသည့် ဒါရိုက်တာထူးပိုင်ဇော်ဦးနှင့်တွေ့ဆုံ၍ ယင်းဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ အကယ်ဒမီထူးချွန်ဆုနှင့်ပတ်သက်၍ ယခုနှစ် ဆန်ခါတင်စာရင်းဝင်များအပေါ် ရင်ခုန်ပေးမှုများအပါအဝင် သိလိုသည်များအားေမေးမြန်းဖြစ်ခဲ့ပါသည်။
■မေး - လရဲ့ အောက်ဘက်မိုင်အဝေးမှာ ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်လို့ ဘယ်လောက်အားထုတ်ခဲ့ရလဲဆိုတာ အရင်ဆုံးသိချင်ပါတယ်ရှင့်။
■ဖြေ - ဒီဝတ္ထုကို ကျွန်တော်တို့ဝယ်ထားတာက သုံးနှစ်လောက်ရှိပါပြီ။ ဝယ်ထားပြီးမှ ‘ည’ ရုံတင်တဲ့ကိစ္စတွေ၊ သူစိမ်းအိမ်ဇာတ်ကားရိုက်ကူးရေးတွေ လုပ်နေခဲ့တယ်။ ဒီဝတ္ထုကို စဝယ်ကတည်းကတော့ ဘယ်ဇာတ်ရုပ်ကတော့ ဘယ်သရုပ်ဆောင်နဲ့ လိုက်တယ်ဆိုတာမျိုး ခေါင်းထဲမှာရှိနေတာတော့ရှိတယ်။ လူကြီးဇာတ်ကောင်တွေအတွက်ကတော့ အသစ်ခေါ်ဖို့ခဲယဉ်းတယ်လေ။ အရင်ကတော့ ဝတ္ထုဖတ်တယ်ဆိုတာက ဇာတ်လမ်းကိုခံစားပြီးဖတ်တာပေါ့။ ရုပ်ရှင်စရိုက်တော့မယ်ဆိုတဲ့အခါ ထပ်ခါထပ်ခါဖတ်တယ်။ အဲဒီအခါ နေရောင်ခန့်ဇာတ်ရုပ်အတွက် ဒေါင်းကိုမြင်တယ်။ ဒေါင်းရဲ့ အလုပ်ပေါ်ထားတဲ့သဘောထားကို ကြိုက်တယ်။ Action ကိုလည်းကြိုက်တယ်။ နေရောင်ခန့်က ဒေါင်းဖြစ်နိုင်တယ်ပေါ့။ ဒေါ်ခင်သန့်စင်က အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်။ သိဒ္ဓိနဲ့ ဒီပါဆိုလည်း ဝတ္ထုထဲကအရွယ်ပဲပုံဖော်မယ်။ နေရောင်ခန့်ဆိုလည်း သိဒ္ဓိထက်ရှစ်နှစ်ပဲကြီးမယ်။ ဒေါ်ခင်သန့်စင်ဆိုလည်း နေရောင်ခန့် ထက် ၁၀ နှစ်ပဲကြီးရမယ်ဆိုတဲ့အချိန်မှာ မအူဝဲ (အိန္ဒြာကျော်ဇင်) က အရမ်းလိုက်ဖက်တယ်လို့ ခံစားရတယ်။ ဝတ္ထုထဲက အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ သိဒ္ဓိနဲ့ဒီပါကိုတော့ အသစ်ကိုပဲရွေးရိုက်မယ်လို့ စိတ်ကူးထားပြီးသား။ ရှိပြီးသားသရုပ်ဆောင်တွေကိုပဲ အသက်ငယ်သလိုလုပ်ပြီးလည်း မရိုက်ချင်ဘူး။ ဇာတ်ကောင်ဆိုတာထက် အပြင်က တခြားသရုပ်ဆောင်မှုတွေနဲ့ရောယှက် မြင်တာမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် အနုပညာအလုပ် တော်တော်နည်းတဲ့ မျက်နှာသစ်ကိုရွေးမယ်လို့ ဆုံးဖြတ်တယ်။ Audition ခေါ်တဲ့အခါ လူ ၅၀၀ လောက် လာလျှောက်ကြတယ်။ အဲဒီထဲကမှ အခုရွေးထားတဲ့နှစ်ယောက်ကို စပြီး Training လုပ်တယ်။ မနှစ်ကသြဂုတ်လောက်ကစပြီး အခုဖေဖော်ဝါရီလဆန်းထိ လေ့ကျင့်စေတယ်။ အချိန်ခြောက်လလောက် ယူခဲ့ပါတယ်။ ဆရာမရဲ့ဝတ္ထုတွေကို အရမ်းကြိုက်တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ရော၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ မျှပြီးစဉ်းစားထားပါတယ်။
■မေး - အခုရိုက်နေပြီဆိုတော့ မျှော်လင့်မထားတဲ့ အခက်အခဲတွေကြုံရတာမျိုးရှိလား။
■ ဖြေ - ကျွန်တော်တို့ရိုက်နေတာ တစ်ပတ်လောက်ရှိပါပြီ။ ရိုက်ကွင်းဆိုတာကတော့ မျှော်လင့်မထားတဲ့ အခက်အခဲရှိပေမယ့် နည်းဖို့အတွက်ကတော့ Pre Production တွေအကုန်သေချာ ပြင်ဆင်ထားတယ်။ သရုပ်ဆောင်တွေ အားလုံးကိုလည်း ဇာတ်ရုပ်တစ်ခုချင်းစီမှာ တစ်ထပ်တည်းကျစေဖို့ ပြင်ဆင်ထားတယ်။ ရီဟာဇယ်တွေ အကြိမ်ကြိမ်လုပ်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် Chemistry ကိုက်ဖို့အတွက် ရိုက်ကွင်းမစခင်ကတည်းက ရင်းနှီးမှုရှိအောင် လုပ်ထားတယ်။ သားအမိ၊ ညီအစ်ကိုခံစားမှုတွေရှိနေအောင် ကြိုလုပ်ထားပါတယ်။ ၂၀၀၀ ကျော်ခေတ်ကိုပြန်ရိုက်တာဖြစ်လို့ အဲဒီအချိန်တုန်းက သုံးခဲ့တဲ့ပစ္စည်းတွေ၊ အဝတ်အစားတွေ၊ ကားတွေအားလုံးကို ပြင်ဆင်ထားပါတယ်။ မတ်လကုန်လောက်အထိ ရိုက်မှာပါ။
■ မေး - ဒီဇာတ်လမ်းမှာက ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားမှု၊ မိခင်ရဲ့စိတ်ခံစားမှုတွေကို ပုံဖော်တာဆိုတော့ ပိုပြီးအခက်အခဲရှိနိုင်လား။
■ ဖြေ - အဓိကဇာတ်ကောင်နှစ် ယောက်နေရာမှာ ရွေးထားတဲ့သူတွေက သရုပ်ဆောင်အသစ်တွေ ဖြစ်တာကြောင့် ကျွန်တော့်အတွက် တာဝန်ကြီးပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာပြင် ဆင်မှုတွေလည်း လုပ်ထား တယ်။ ဒီဝတ္ထမှာ ၂၀၀၀ ဝန်း ကျင်ကဆယ်ကျော်သက် တွေရဲ့ဘဝ၊ ရန်ကုန်မြို့က မိသားစုတွေရဲ့ဘဝကို ပုံဖော်ထားတာဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဖြတ်သန်းခဲ့ဖူးတယ်။ အဓိက ဇာတ်ကောင်တွေကိုလည်း သူတို့ အဲဒီခံစားချက်တွေနား လည်အောင်ကြိုးစားတယ်။
■မေး - သူစိမ်းအိမ်ဇာတ်ကားကိုရော ဘယ်တော့လောက်ကြည့်ခွင့်ရမလဲ။
■ ဖြေ - သူစိမ်းအိမ်ဇာတ်ကားက ဒီနှစ်ထဲမှာရုံတင်ဖြစ်မှာပါ။ သူစိမ်းအိမ်ကတော့ ညနဲ့တော့မတူဘူး။ အရသာအသစ်တစ်ခုရမယ်လို့ မျှော်လင့်တယ်။
■မေး - အခုနှစ်မှာလည်း အကယ်ဒမီဆန်ခါတင်စာရင်းဝင် ဇာတ်ကားတွေမှာ လူငယ်မျက်နှာသစ်တွေရဲ့ ဇာတ်ကားတွေပါဝင်နေတဲ့အပေါ် သုံးသပ်ပေးပါဦး။
■ ဖြေ - အများကြီးရင်ခုန်ပါတယ်။ ကျွန်တော်တို့ Generation ထဲက ဒါရိုက်တာတွေရဲ့ ဇာတ်ကားတွေအများကြီး ၂၀၁၈ မှာပြသနိုင်ခဲ့တယ်။ အခုဆန်ခါတင်မှာ အဲဒီလိုဇာတ်ကားတွေများတဲ့အတွက် ရင်ခုန်ရပါတယ်။ အားလုံးကံကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။
■ မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။
■ ဖြေ - ယုံကြည်မှုတစ်ခုနဲ့ အပြည့်အဝအားပေးကြလို့ အရမ်းကျေးဇူးတင်ရ သလိုစိတ်ခွန်အားဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားပါမယ်။
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်