Top News

“ပိုက်ဆံ ရှာဖို့အတွက်တော့ ရုပ်ရှင်မရိုက်ဘူး။ အရည်အသွေးကောင်းတဲ့ ဇာတ်ကားမျိုးပဲ ဖန်တီးမယ်လို့ ပရိသတ်ကို ကတိပေးနိုင်တယ်ဆိုသူ” ဒါရိုက်တာအာကာ၏ ငယ်ဘဝဖြတ်သန်းရာ
24htopnews | September 26, 2024 8:12 PM CST

“ပိုက်ဆံရှာဖို့အတွက်တော့ ရုပ်ရှင်မရိုက်ဘူး။ အရည်အသွေးကောင်းတဲ့ ဇာတ်ကားမျိုးပဲ ဖန်တီးမယ်လို့ ပရိသတ်ကို ကတိပေးနိုင်တယ်။ ဂျင်းကား မရိုက်ဘူးလို့ ပရိသတ်ကို အခိုင်အမာ ပြောလို့ရပါတယ်လို့ ဆိုလာသူက ထိုင်းနိုင်ငံမှာ သွားရောက်ပြသခွင့်ရရှိခဲ့ပြီး ပရိသတ်အားပေးမှု မြင့်မားနေတဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားဖန်တီးသူ လူငယ်ဒါရိုက်တာအာကာဖြစ်ပါတယ်။ ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကား တစ်မိနစ်စာဗီဒီယိုဖိုင် တင်ထားကတည်းကကို ကြည့်ရှုမှုနှုန်း မြင့်မားခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ထူးခြားတဲ့ဇာတ်လမ်းပုံစံ၊ ရိုက်ကွင်းနေရာ အသုံးပြုမှု၊ မြင်တွေ့ရလေ့မရှိတဲ့ ရိုက်ချက်တွေကြောင့် ဖန်တီးမှုပုံစံ အသစ်တစ်ခုအဖြစ် ပရိသတ် လက်ခံအားပေးနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။  ဒါရိုက်တာအာကာက ‘ဒုဋ္ဌဝတီကို လွန်၍’၊ ‘ကြိုးဖုန်း’ နဲ့ ‘ကမ္ဘာနှစ်ထပ်’ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထားပါတယ်။ အခုတစ်ပတ်မှာတော့ ဒါရိုက်တာအာကာရဲ့ ငယ်စဉ်ဘဝ အမှတ်တရတချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။

ဒါရိုက်တာအာကာက ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းညီအစ်ကိုသုံးယောက်အနက် အကြီးဆုံးသားဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရအနေနဲ့ကတော့ လေးငါးနှစ်အရွယ်လောက်ထိ ဂျင်းဝတ်စုံကို အရမ်းနှစ်သက်သလို ဂျင်းဝတ်စုံဝတ်ပေးထားပြီး ပြန်ချွတ်တဲ့အခါ ငိုတဲ့အထိ နှစ်သက်သူတစ်ယောက်ပါလို့ဆိုပါတယ်။ ကျောင်းပညာရေးကို TTC မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့သလို  စာတော်သူ တစ်ယောက်တော့ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

‘‘စင်ကာပူသွားတဲ့အချိန်မှာ immigration ဝင်တဲ့အချိန်မှ အင်္ဂလိပ်စကားစပြောဖူးတာ။ စရောက်တဲ့တစ်နေ့လုံးဆို ထမင်းမစားရဘူး။ အင်္ဂလိပ်လို မဝယ်တတ်လို့။ အဲဒီလောက်ထိ ခက်ခဲခဲ့တယ်။ အလုပ်ခွင်ထဲရောက်တော့လည်း ကိုယ်က ပရော်ဖက်ရှင်နယ် အလုပ်မကျွမ်းကျင်တဲ့အခါ အလုပ်အတူ လုပ်သူတွေရဲ့ ပြောဆိုမှုတွေ၊ နှိမ်ချတာတွေခံရတယ်။ အဲဒီမှာကံကောင်းတာတစ်ခုက အထက်လူကြီးက မှားတာကိုအပြစ်မပြောဘူး။ တူတဲ့အမှားမျိုး ထပ်မလုပ်ဖို့ပြောပြီး လေ့လာသင်ယူခွင့်ပေးတယ်။ ကျွန်တော်လည်း တူညီတဲ့အမှားမျိုး ဘယ်တော့မှမမှားအောင် ကြိုးစားတယ်။ အဲဒီမှာ နောက်ထပ်အတွေ့ အကြုံကောင်းတစ်ခုက အလုပ်ကတစ်လကို နိုင်ငံခြားတစ်ခါလွှတ်တယ်။ ဂျပန်၊ ဥရောပ နိုင်ငံတွေ စသဖြင့်သွားရတယ်။ တစ်လကိုတစ်ပတ် သွားရတာ။ အဲဒီမှာအလုပ်လုပ်ပြီးရင် အားတဲ့အချိန်တွေဆို အများကြီးလေ့လာခွင့်တွေရတယ်။ အဲဒီကနေပဲ ဓာတ်ပုံပညာကို လေ့လာသင်ယူခွင့်ရခဲ့တာ’’လို့ ဒါရိုက်တာ အာကာက ဆိုပါတယ်။

ဒါရိုက်တာအာကာအတွက် နောက်ထပ်အချိုးအကွေ့တစ်ခုဖြစ်လာစေတာက သူငယ်ချင်းများနဲ့ အတူ ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကား တစ်ကား သွားကြည့်ဖြစ်တာပါ။ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကြောင့် ကျန်တဲ့နိုင်ငံအသီးသီးက သူငယ်ချင်းတွေက မြန်မာဇာတ်ကားကောင်းတွေ ရှိလားလို့ ၀ိုင်းမေးကြချိန်မှာ ရှိမှာပါလို့ပဲ ဖြေခဲ့ပါတယ်လို့ ဒါရိုက်တာအာကာက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းကပဲ ဒါရိုက်တာအာကာ ရဲ့နှလုံးသားထဲကို မြန်မာဇာတ်ကားကောင်းတွေကို နိုင်ငံတကာမှာ ပြသခွင့်ရတဲ့အထိ ဖန်တီးလိုစိတ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာအာကာကသူ့ရဲ့ပထမဆုံး ရုပ်ရှင်ကားကြီးအနေနဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’ ကိုရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကိုရိုက်ကူး ဖို့အတွက် တစ်ကားလုံး အစအဆုံး ရီဟာဇယ် လုပ်ခဲ့ပြီးမှ ရိုက်ကူးခဲ့သလို ပါဝင်ရိုက်ကူးတဲ့ crew တစ်ဖွဲ့လုံးကိုလည်း သုံးလေးနှစ်လောက် လက်တွဲလုပ်ဆောင်ခဲ့ပြီးမှ ရုပ်ရှင်ကားကြီး ရိုက်ကူးမှုမှာပါဝင်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါရိုက်တာအာကာက ဒုတိယမြောက်ဇာတ်ကား ‘ကြိုးဖုန်း’ ကိုရိုက်ကူးခဲ့ရာမှာလည်း ပုံမှန်ဇာတ်ကားတွေ ရိုက်ကူးနေကျ ကုန်ကျစရိတ်မျိုးနဲ့ပဲ ရိုက်ကူးထားသလို မင်းသားမင်းသမီးတွေ ပုံမှန်ပေးတဲ့ရက်အတွင်းမှာပဲ ရအောင်ရိုက်ခဲ့တာဖြစ်ပေမယ့် အရည်အသွေးပိုင်းကတော့ အားရစရာ ဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။ တတိယမြောက်ဇာတ်ကား ‘ကမ္ဘာနှစ်ထပ်’နဲ့ပတ်သက်ပြီးတော့လည်း ကလေးသရုပ်ဆောင်နဲ့ အဓိကထား ရိုက်ကူးခဲ့ရတာဖြစ်လို့ အခက်အခဲရှိနိုင်တယ်လို့ကြိုတွေးခဲ့ပေမယ့် စိတ်တိုင်းကျရ တဲ့ ‘ဒရာမာ ဇာတ်ကားကောင်း တစ်ကား ဖြစ်တယ်လို့ ဒါရိုက်တာ အာကာက ဆိုခဲ့ပါတယ်။ လက်ရှိမှာ မျိုးဆက်သစ် အနုပညာရှင်တွေရဲ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ် လက်ခံပေးကြတဲ့ အရွေ့တစ်ခုနဲ့ပတ်သက်လို့လည်း ‘‘ပရိသတ်က အပြောင်းအလဲကို မြင်နေရတာပဲလေ။ ရုပ်ရှင်မှာပြောင်းလဲတာ အဆင့်ကျော်တယ်လို့တောင် ပြောလို့ရတယ်။ ကွာဟမှုတွေက အများကြီးပဲ။ ကောင်းသောပြောင်းလဲခြင်းဖြစ်တာကြောင့် ပရိသတ်တွေက အားပေးကြသလို ရုံရှင်တွေကလည်း အများကြီး support ပေးလာကြပါတယ်။ နောက်လည်း ဒီထပ်ပိုကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဦးမှာပါ။ ဒီနှုန်းအတိုင်းသာ သွားမယ်ဆိုရင် နောက်ငါးနှစ်လောက်မှာ မြန်မာ့ရုပ်ရှင်က တော်တော်ကောင်းလာမယ်လို့လည်းယုံကြည်တယ်’’လို့ အာကာက သုံးသပ်ခဲ့ပါတယ်။

ဒါရိုက်တာအာကာက အနုပညာဖန်တီးမှုတွေနဲ့ ပတ်သက်လို့ သူဖန်တီးတဲ့ အနုပညာ ဖန်တီးမှုတွေကို အကောင်းဆုံး လုပ်နိုင်သလောက်လုပ်မှာဖြစ်သလို ကိုယ်တိုင်ကြိုက်တဲ့ ဇာတ်ကားမျိုးတွေပဲ ရိုက်မယ်လို့ ဆိုပါတယ်။ တစ်နှစ်ကိုတစ်ကား ဒါမှမဟုတ် နှစ်ကားလောက်ပဲ ရိုက်သွားမယ်လို့လည်း သတ်မှတ်ထားသလို ရုပ်ရှင်ရိုက်ကူးမှုကနေ စီးပွားရှာမှာ မဟုတ်ဘဲ အနုပညာအရပဲဖန်တီးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ပရိသတ်ရဲ့အားပေးမှုရှိမှသာ နောက်ထပ်အနုပညာဖန်တီးမှုတွေ ဆက်လက်ပြုလုပ်နိုင်မှာဖြစ်လို့  ပရိသတ်အားပေးမှုက အရမ်းအရေးကြီးပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့  ‘ဒုဋ္ဌဝတီကိုလွန်၍’ ဇာတ်ကားရဲ့ဖန်တီးသူ ဒါရိုက်တာအာကာ ပြောပြတဲ့ ငယ်စဉ်ဘဝ အမှတ်တရနဲ့ အနုပညာအပေါ် ထားတဲ့ခံယူချက်အချို့ပဲ ဖြစ်ပါတယ်။      


READ NEXT
Cancel OK