ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ဘာရိန်းလူငယ်လက်ရွေးစင်ဟောင်း ဘောလုံးသမား အာလ် အယ်ရာဘီက ဘာရိန်းအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲအား ဆန့်ကျင်သပိတ်မှောက်ရန် တိုက်တွန်းပြောကြားသည်။
သြစတြေးလျနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်ဖြင့်နေထိုင်သည့် အာလ်အယ်ရာဘီ (၂၅ နှစ်) သည် နိုဝင်ဘာ ၂၇ ရက်က ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံသို့ ပျားရည်ဆမ်းခရီးသွားရောက်စဉ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်) ၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ဘာရိန်း အစိုးရက ၎င်းအား လွှဲပြောင်းပေးရန် တောင်းဆိုမှုကို ထိုင်းတရားရုံးချုပ်က လက်ခံခဲ့သော်လည်း သြ စတြေးလျအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းအသီးသီး၏ ဖိအားပေးတောင်းဆိုမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အာလ်အယ်ရာဘီက လွတ်မြောက်လာပြီဖြစ်သော်လည်း လုံခြုံရေးအတွက် စိုးရိမ်နေရ ဆဲဖြစ်ကြောင်းနှင့် ပရိသတ်များအနေဖြင့် မတ်လအတွင်းကျင်းပမည့် ဘာရိန်းဂရင်းပရီ ဖော်မြူလာ ဝမ်းကားမောင်းပြိုင်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
“အားကစားနဲ့ နိုင်ငံရေးဆိုတာ ရောထွေးလို့မရပါဘူး။ လူတချို့ကတော့ ကျွန်တော့်ရဲ့လွတ်မြောက်မှုက ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုလို့ သတ်မှတ်ကြတယ်။ အိမ်ကိုပြန် ခွင့်ရလို့ ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော့်တစ်ကိုယ်ရည် တိုက်ပွဲကတော့ မပြီးဆုံးသေးပါဘူး။ အခုဆိုရင် ဘာရိန်းက ကျွန်တော့်ကို အထဲပြန်ထည့်နိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်တာအားလုံး စုဆောင်း နေလောက်ပါပြီ။ အဲဒီမှာ ကျွန်တော့်အစ်ကိုက ထောင်ကျနေတုန်းပါပဲ။ ဘာရိန်းအစိုးရရဲ့လက်ကနေ လုံခြုံစိတ်ချရပြီလို့ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်သေးပါဘူး။ ဖော်မြူလာဝမ်း ပရိသတ်တွေအနေနဲ့ နာယာ (၂၀၁၇ ဘာရိန်းဂရင်းပရီပြိုင်ပွဲ ကျင်းပခြင်းအား ဝေဖန်ပြောကြားမှုကြောင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် အမျိုးသမီးတက်ကြွလှုပ်ရှားသူ) အတွက် ကူညီပေးဖို့ လိုအပ်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲအနေနဲ့လည်း လူ့အခွင့်အရေးချိုး ဖောက်မှုဆိုတာ သည်းခံခွင့်လွှတ်လို့ မရတဲ့အကြောင်း ထုတ်ပြန်ပေးဖို့ လိုပါတယ်။ မတ်လထဲမှာကျင်းပမယ့် ဘာရိန်းဂရင်းပရီပြိုင်ပွဲမတိုင်ခင်အထိ နာယာမလွတ်မြောက်သေးဘူးဆိုရင် ဒီနှစ်လုပ်မယ့်ပြိုင်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) စသည့် အားကစားအဖွဲ့ချုပ်များအနေဖြင့် ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးကာလတွင် ဘာရိန်းအစိုးရက အားကစားသမားများအပေါ် ဖိနှိပ်အရေးယူမှုများကို ပြန်လည်စုံစမ်းစစ်ဆေးသင့်ကြောင်း အာလ်အယ်ရာဘီက တိုက်တွန်းခဲ့သည်။ ဘာရိန်းအစိုးရသည် ရဲစခန်းဖျက်ဆီးမှု ဖြစ်စဉ်တွင်ပါဝင်သည်ဟုဆိုကာ ၎င်းအား မျက်ကွယ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်