ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြောက်အမေရိကဒေသတွင်း၌ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည့် ရုပ်ရှင်များစာရင်း၏ ထိပ်ဆုံးတွင် How to Train Your Dragon ; The Hidden World က နှစ်ပတ်မြောက်အဖြစ် ဆက်လက်ရပ်တည်နေခဲ့သည်။
တတိယမြောက် How to Train Your Dragon အန်နီမေးရှင်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်အတွင်း ဒေါ်လာသန်း ၃၀ ရရှိခဲ့သဖြင့် ဒေသတွင်းမှာပင် ရရှိခဲ့သည့် စုစုပေါင်းဝင်ငွေမှာ ဒေါ်လာသန်း ၁၀၀ ခန့် ရှိပြီဖြစ်သည်။ Dream Works မှ ထိုအန်နီ မေးရှင်းရုပ်ရှင်သည် ကမ္ဘာတစ်ဝန်း၌ ပြသရာတွင် ဒေါ်လာ ၃၇၅ သန်းအထိ ရရှိခဲ့ပြီးဖြစ်ကာ တရုတ်တစ်နိုင်ငံတည်းမှာပင် ပွဲဦးထွက် ဝင်ငွေဒေါ်လာ ၃၃.၄ သန်းရရှိခဲ့ခြင်း ဖြစ်သည်။
နံပါတ်နှစ်နေရာတွင် ရှိနေသည်မှာ တေလာပယ်ရီ၏ နောက်ဆုံး Madea ရုပ်ရှင်ဖြစ်သော A Madea Family Funeral ဖြစ်ပြီး ဒေါ်လာ ၂၇ သန်းဝင်ငွေ ရရှိခဲ့သည်။ ယင်းရုပ်ရှင်သည် အမျိုးသမီးပရိသတ်များ အခိုင်အမာအားပေးမှုကြောင့် မျှော်လင့်ထားသည်ထက် ပွဲဦးထွက်ဝင်ငွေကောင်းခဲ့သည်။ ရုပ်ရှင်သုံးသပ်သူများ၏ အကြိုက်မည်သည့် အချိန်ကမှ မဖြစ်ခဲ့သော Madea ရုပ်ရှင်များအနက် ယခုတစ်ကားသည်လည်း Rotten Tomatoes တွင် အဆင့်သတ်မှတ်ချက် ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ သို့သော် ပရိသတ်များက ထိုအခြေအနေကို ဂရုစိုက်ပုံမရဘဲ လာရောက်ကြည့်ရှုခဲ့သူများက ယင်းရုပ်ရှင်ကို A ပေးခဲ့သည်။
ဘတ်ဂျက်အမြောက်အမြား အကုန်အကျခံရိုက်ကူးထားသော Alita: Battle Angel သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်အတွင်းက ဒေါ်လာ ခုနစ်သန်းရရှိပြီး ဝင်ငွေအများဆုံးရရှိသည့် ရုပ်ရှင်စာရင်းတွင် နံပါတ် ၃ နေရာ၌ ရှိနေသည်။ နိုင်ငံတကာတွင်မူ ဝင်ငွေဒေါ်လာ ၄၀.၄ သန်း ရရှိခဲ့သည်။
The Lego Movie 2: The Second Part အန်နီမေးရှင်းသည် ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၆.၆ သန်းရရှိခဲ့ပြီး စာရင်း၏ စတုတ္ထနေရာ၌ ရပ်တည်နေသည်။
ယခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆု ရရှိသွားသော Green Book သည် ပြီးခဲ့သည့်သီတင်းပတ်က ရုပ်ရှင်ရုံများမှတစ်ဆင့် ဝင်ငွေ ဒေါ်လာ ၄ ဒသမ ၇၁ သန်း ရရှိပြီး ဝင်ငွေအများဆုံးစာရင်း၏ နံပါတ်ငါးနေရာသို့ ခုန်တက်လာသည်။ မြောက်အမေရိကဒေသထဲတွင် ဒေါ်လာ ၇၅ ဒသမ ၂ သန်း၊ ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၁၈၈ သန်း ရရှိခဲ့ပြီးဖြစ်သည့် Green Book သည် ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာတစ်ဝန်း၌ ပြသရာတွင် ဒေါ်လာ ၃၁ ဒသမ ၉ သန်းရရှိပြီး How To Train Your Dragon နှင့် Alita တို့ပြီးလျှင် တတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့ကြောင်း သိရသည်။
ယခင်သီတင်းပတ်က ဝင်ငွေများထပ်တိုးရရှိခဲ့သည့် အော်စကာဆုရဇာတ်ကားမှာ Green Book တစ်ခုတည်း မဟုတ်ဘဲ Spi-der-Man:Into the Spider-Verse ၊ A Star is Born ၊ Bohemian Rhapsody ၊ The Favourite တို့လည်း အပါအဝင်ဖြစ်သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်