အနုပညာလမ်းခရီးအတွင်းမှာ မိဘ၊ ဆွေမျိုးရဲ့အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်ကြိုးပမ်းသူများစွာ ရှိပါတယ်။ ဒီလိုအနုပညာအမွေ လက်ဆင့်ကမ်းကြသူတွေထဲက ဒီတစ်ပတ်မှာတော့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်ပြီး VIVID Fashion ဒီဇိုင်နာအိကျော်ဇင်ရဲ့ သမီးဖြစ်တဲ့ သရုပ်ဆောင်မေတိုးခိုင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေသလို မကြာမီမှာကျင်းပမယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေကြိုတစ်ဦးအနေနဲ့ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ သရုပ်ဆောင်မေတိုးခိုင်ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝ အမှတ်တရပုံရိပ်တချို့ကို စုစည်းဖော်ပြပေးချင်ပါတယ်။ သရုပ်ဆောင် မော်ဒယ်မေတိုးခိုင်က အနုပညာဝါသနာဗီဇကို ကောက်ကြောင်းရေးဆွဲပုံဖော်လျက်ရှိတဲ့အပြင် ‘ရူးအောင် ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ကြော်ငြာနဲ့အလှ ဓာတ်ပုံတွေရိုက်ကူးလျက်ရှိသလို ပရိသတ်ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားသူပါ။ ဒါကြောင့် မေတိုးခိုင်ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရတွေကို ဖော်ပြပေးချင်ပါတယ်။
မေတိုးခိုင်ကို ဧပြီ ၇ ရက် ၁၉၉၅ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးတိုးခိုင်နဲ့ ဒေါ်အိကျော်ဇင်တို့က မွေးဖွားခဲ့ကြပါတယ်။ မွေးချင်းညီအစ်မသုံးယောက်ရှိတဲ့အနက် အကြီးဆုံးသမီးဖြစ်ပြီး ရန်ကုန်မြို့ဇာတိဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ သမီးဦးဖြစ်တာကြောင့် အလိုလိုက် ချစ်ခင်ခံရမှုများစွာရရှိခဲ့ပြီး အရုပ်များစွာနဲ့ ကစားနေတတ်တာ အမှတ်တရပါလို့ မေတိုးခိုင်က ဆိုပါတယ်။
မေတိုးခိုင်က ငယ်စဉ်ကလေးဘဝကတည်းက အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေကို လိုက်ပါလေ့ရှိတာကြောင့် အနုပညာလောကနဲ့ အစိမ်းသက်သက် မဟုတ်ဘူးလို့ ဆိုရမှာပါ။ မိခင်ဖြစ်သူကလည်း ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် ငယ်စဉ်ကလေးဘဝကတည်းက ဒီဇိုင်းပညာနဲ့ပတ်သက်လို့ လေ့လာသင်ယူဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းပညာရေးအနေနဲ့ မူကြိုကစတင်ပြီး ှုILBC မှာတက်ရောက်ခဲ့သလို အထက်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာ ခုနစ်တန်းနှစ်လောက်အထိ ထူးချွန်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အလယ်အလတ်လောက်ပဲ ဖြစ်တော့တယ်လို့လည်း ဆိုခဲ့ပါတယ်။ အထက်တန်းကျောင်းသူအရွယ်မှာ ဘက်စုံပါဝင်တတ်သူ တစ်ယောက်ဖြစ်ပြီး အားကစားကိုလည်း ၀ါသနာအရမ်းပါတယ်လို့ ဆိုပါတယ်။
အထက်တန်းအောင်မြင်ပြီးချိန်မှာတော့ IGCSE စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ပြီး Manchester Matropolitan University မှာ ဖက်ရှင်ဘာသာရပ်ကို သွားရောက်လေ့လာသင် ယူခဲ့တယ်လို့ ဆိုပါတယ်။ မတူကွဲပြားတဲ့ သင်ကြားမှုနည်းစနစ်တွေ၊ အခြေခံကစလို့ အဆင့်ဆင့်သင်ကြားမှုတွေကြောင့် အတွေ့အကြုံများစွာ ရရှိခဲ့တယ်လို့လည်း မေတိုးခိုင်က ပြောပြခဲ့ပါတယ်။ ဖက်ရှင်ဘာသာရပ်ကို သင်ယူလေ့လာရာမှာ မြန်မာနဲ့ နိုင်ငံတကာကွာဟတဲ့ ဖက်ရှင်အယူအဆ၊ အတွေးအခေါ်နဲ့ နှစ်သက်မှုတွေကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်လို့ မေတိုးခိုင်က ဆိုပါတယ်။
အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ အနီးကပ်နေထိုင်ခွင့် ရခဲ့သူတစ်ယောက်အနေနဲ့ အနုပညာနဲ့မစိမ်းပေမယ့် ၀ါသနာပါမှန်းကိုတော့ သေချာသတိမထားမိဘူးလို့လည်း မေတိုးခိုင်က ဆိုပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ VIVID Fashion ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ ဒီနောက်မှာတော့ ‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။
ပထမဆုံးသရုပ်ဆောင်မှု အတွေ့အကြုံနဲ့ပတ်သက်လို့ မေတိုးခိုင်က “ညီမက ၀ါသနာပါတယ်၊ လုပ်ကြည့်ချင်တယ်ဆိုပြီးတော့သာ ရိုက်ဖြစ်ခဲ့တာပါ။ တကယ်တမ်းရိုက်တဲ့အခါမှာ အတွေ့အကြုံက နည်းသေးတဲ့အခါကျတော့ လိုအပ်ချက်တွေအများကြီး ရှိပါသေးတယ်။ တွဲဖက်သရုပ်ဆောင်ရတဲ့ ကိုနေတိုးတို့၊ တီတီအူဝဲတို့ကလည်း အများကြီးသင်ပေးပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး လုပ်လို့ရတယ်ဆိုပြီး ပြန်တွေးမိတာတွေလည်းရှိတယ်” လို့အမှတ်တရ ဆိုပါတယ်။
‘ရူးအောင်ချစ်မယ့်သူ’ ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာအောင်ဇော်လင်းရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ ပါဝင်ထားတာပါ။ ဒီဇာတ်ကားကလည်း မကြာခင်ရုံတင်ပြသတော့မှာဖြစ်တဲ့အတွက် မေတိုးခိုင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပရိသတ်တွေ အကဲဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေတိုးခိုင်က ကြော်ငြာနဲ့ အလှဓာတ်ပုံတွေရိုက်ကူးနေပြီး ပရိသတ်ချစ်ခင်အားပေးမှုလည်း များစွာရရှိထားပါတယ်။
ဖက်ရှင်ဘာသာရပ်ကို စနစ်တကျသင်ယူလေ့လာထားတဲ့ မေတိုးခိုင်က မိခင်ဖြစ်သူရဲ့လုပ်ငန်းမှာလည်း ပါဝင်လေ့လာရင်းကူညီလျက် ရှိနေပါတယ်။ အနာဂတ်မှာတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဖက်ရှင်ဒီဇိုင်နာတစ်ယောက် အနေနဲ့ပါရပ်တည်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ် ဖက်ရှင်အဝတ်အထည်တွေကို ဖန်တီးဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။ မတ် ၂၃ ရက်မှာ ကျင်းပမယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ဖို့ရွေးချယ်ခံထားရပြီး လတ်တလောမှာတော့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေသူပါ။
အဒေါ်ဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ ရုပ်ရည်တူတဲ့အပြင် အမူအရာ တချို့ပါ ဆင်နေတဲ့မေတိုးခိုင်က အဒေါ်ဖြစ်သူနဲ့ ငယ်စဉ်ကတည်းကအတူနေခဲ့တာကြောင့် လုပ်ယူထားတာမဟုတ်ဘဲ ဆင်တူနေတာတွေရှိသလို အဒေါ်ဖြစ်သူရဲ့ ဇာတ်ကားတိုင်းမှာ မုဒ်အပြည့်နဲ့ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုလည်း အားကျမိပါတယ်လို့ ဆိုခဲ့ပါတယ်။ အဒေါ်ဖြစ်သူက အမူအရာပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးတာကြောင့် ကြိုးစားလေ့လာသင်ယူနေပါတယ်လို့လည်း ဖြည့်စွက်ပြောပြခဲ့ပါတယ်။
အနုပညာလုပ်ငန်းတွေ စတင်လှုပ်ရှားကတည်းက ပရိသတ်အားပေးချစ်ခင်မှုရရှိခဲ့တဲ့ မေတိုးခိုင်က ပရိသတ်တွေကို ကျေးဇူးအများကြီးတင်သလို ပရိသတ်များကပေးတဲ့ ခွန်အားကြောင့် ပိုမိုကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်လို့လည်း ဆိုခဲ့ပါတယ်။ သရုပ်ဆောင်ဒီဇိုင်နာတစ်ဦးအနေနဲ့ လုပ်ကိုင်သွားဖို့လည်း ရည်မှန်းထားပါတယ်လို့လည်း မေတိုးခိုင်က ဆိုခဲ့ပါတယ်။
ဒီတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ မေတိုးခိုင်ရဲ့ငယ်စဉ်ဘဝရဲ့ အမှတ်တရပုံရိပ်အချို့ပဲ ဖြစ်ပါတယ်။ ပွင့်လင်းရိုးသားတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်နဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေကို စုစည်းဖော်ပြပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ဆိုပါရစေ။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်