မော်ဒယ် ခိုင်လီဂျန်နာသည် ကမ္ဘာ့အသက်ငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာ ဖြစ်လာပြီဟု Forbes မဂ္ဂဇင်းက မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Kylie Cosmetics ကုမ္ပဏီ၏ အောင်မြင်မှုကြောင့် ခိုင်လီသည် အသက် ၂၁ နှစ် အရွယ်တွင် ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဂျန်နာသည် နှုတ်ခမ်းနီနှင့် နှုတ်ခမ်းပုံဖော်သည့် lip liner တစ်စုံပါဝင်သည့် ဒေါ်လာ ၂၉ တန် lip kit ကို အွန်လိုင်းတွင်ရောင်းချခဲ့ရာမှ အောင်မြင်သည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။
ပထမဆုံး lip kit ၁၅,၀၀၀ ထုတ်လုပ်ရန်အတွက် ဂျန်နာသည် မော်ဒယ်လုပ်ငန်းမှ ရရှိသည့် ဝင်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ကို အသုံးပြုခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။ ဂျန်နာက ယင်းနှုတ်ခမ်းနီများအား လနှင့်ချီ စမ်းသပ်အသုံးပြုခဲ့ပုံများကို Instagram တွင် ဖော်ပြခဲ့ပြီးနောက်၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် စတင်ရောင်းချခဲ့ရာတွင် တစ်မိနစ်မပြည့်မီ လက်ကျန်မရှိ ရောင်းကုန်ခဲ့သည်။ လူမှုမီဒီယာတွင် သြဇာအရှိန်အဝါ ကြီးထွားမှုသည်လည်း ဂျန်နာကို အောင်မြင်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် Kylie Cosmetics သည် ဒေါ်လာ သန်း ၃၆၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း၊ ဂျန်နာသည် ဒေါ်လာသန်း ၉၀၀ ခန့်တန်သည့် ယင်းကုမ္ပဏီ၏ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို တစ်ဦးတည်း ပိုင်ဆိုင်သူဖြစ်ကြောင်း Forbes က ထုတ်ပြန်ခဲ့သည်။
အမေရိကန်ရှိ Ulta Beauty စတိုး ဆိုင် ၁,၁၆၃ ခုတွင် Kylie Cosmetics များ ရောင်းချရန်အတွက် ဂျန်နာက Ulta Beauty Inc နှင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ကာဒစ်ရှန်မိသားစု၏ အသက်အငယ်ဆုံး မိသားစုဝင်ဖြစ်သည့် ခိုင်လီဂျန်နာသည် Keeping Up with the Karda shians ရုပ်သံအစီအစဉ်နှင့် ကြော်ငြာရိုက်ကူးမှုများမှလည်း ဝင်ငွေရရှိခဲ့ပြီး ၎င်း၏ စုစုပေါင်းဝင်ငွေသည် ဒေါ်လာ တစ်ဘီလျံရှိသည်ဟု Forbes က ခန့်မှန်းခဲ့သည်။
ဂျန်နာသည် ခရစ်ကာဒစ်ရှန်နှင့် အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဝီလျံဘရုစ်ဂျန်နာ (ခွဲစိတ်ပြီး အမျိုးသမီးအဖြစ်ခံယူကာ Caitlyn Jenner ဟုအမည်ပြောင်းထားသည်) တို့၏ သမီးအငယ်ဆုံးဖြစ်သည်။ စူပါမော်ဒယ် ကင်ဒဲဂျန်နာသည်ဂျန်နာ၏ အစ်မရင်းဖြစ်ပြီး ကင်ကာဒစ်ရှန်၊ Kourtney နှင့် ကိုးလ်ကာဒစ်ရှန်တို့သည် ဂျန်နာ၏ အမေတူ အဖေကွဲအစ်မများ ဖြစ်သည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်