Top News

ထန်းတပင်မြို့နယ်ရှိ မြေဧရိယာ ၂၂၁၆ ဒသမ ၄ ဧကခန့်တွင် ဆောင်ရွက်မည့် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွက် Swiss Challenge ဆောင်ရွက်ရန် စီမံကိန်းအကြံပေးအဖြစ် Ernst and Young ကို ရွေးချယ်
24htopnews | September 25, 2024 5:12 PM CST

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ မြေဧရိယာ ၂၂၁၆ ဒသမ ၄ ဧကခန့်တွင် ဆောင်ရွက်မည့် စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် Swiss Challenge ဆောင်ရွက်ရန် စီမံကိန်းအကြံပေးအဖြစ် Ernst and Young ကို ရွေးချယ်အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက အသိပေးကြေညာထားသည်။

ထန်းတပင်မြို့နယ် လမုတန်း၊ အတွင်းရေကျော်၊ အပြင်ရေကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၁၇+၂၁၉+၂၂၀/ခ၊ ၂၂၁+ ၂၀၇/က+၂၀၇/ခ+၂၀၇/ဂ) ဦးပိုင်ပေါင်း ၄၉၇ ခု၊ ဧရိယာ ၂၂၁၆ ဒသမ ၄ ဧကခန့်ရှိ လယ်မြေများအား စက်မှုဥယျာဉ်မြို့တော်စီမံကိန်း ဖော်ဆောင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် အတည်ပြုခဲ့သည်။

လွှတ်တော်က အတည်ပြုပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုဝန်ကြီးဌာနအဆင့်ဆင့်သို့ လုပ်ဆောင်ရမည့်ကိစ္စရပ်များအား အဆင့်ဆင့်တင်ပြခဲ့သည်။

ထန်းတပင်မြို့နယ် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် Swiss Challenge ဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့ရာ Ernst and Young ၊ Roland Berger ၊ PWC ၊ Deloitte ကုမ္ပဏီလေးခုက Consultant အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထန်းတပင်မြို့နယ် စက်မှုဥယျာဉ်မြိုက တော်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Swiss Challenge ဆောင်ရွက်ရန် အတိုင်ပင်ခံရွေးချယ်ရေးအဖွဲ့အား ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးအမှတ် ၃၆/၂၀၂၀ ဆုံးဖြတ်ချက်အပိုဒ် (၁၀၃) အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

အဆိုပါအဖွဲ့၏ Swiss Challenge ဆောင်ရွက်ရန်အတွက် Consultant ကုမ္ပဏီများအား အမှတ်ပေးရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီတွင်တစ်ကြိမ်၊ အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီတွင် တစ်ကြိမ်ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးများ၏ ဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၄၆/၂၀၂၀ သို့ တင်ပြခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ် ၆၄ အရ Swiss Challenge ဆောင်ရွက်ရန်အတွက် Consultant အဖြစ် Ernst and Young ကုမ္ပဏီအား ရွေးချယ်အတည်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးကြေညာထားသည်။


READ NEXT
Cancel OK