Top News

Westlife အဖွဲ့ စင်ကာပူတွင် ဖျော်ဖြေပွဲပြုလုပ်မည်
24htopnews | September 25, 2024 2:12 PM CST

အိုင်းရစ်ပေါ့ပ်အဖွဲ့ Westlife က The Twenty Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်တစ်ခုအဖြစ် သြဂုတ် ၁၀ ရက်တွင် စင်ကာပူရှိ အမျိုးသားအားကစားရုံ၌ ဖျော်ဖြေပွဲကျင်းပမည် ဖြစ်သည်။

Westlife အဖွဲ့၏ ယင်းဖျော်ဖြေပွဲခရီးစဉ်ကို မေ ၂၂ တွင် အိုင်ယာလန်၌ စတင်ပြီး သြဂုတ် ၁၀ ရက်တွင် စင်ကာပူ၌ အဆုံးသတ်မည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲခရီးစဉ်အတွင်း ဥရောပ၌ ဖျော်ဖြေပွဲ ၃၀ နှင့် အာရှတွင် ဖျော်ဖြေပွဲ ရှစ်ပွဲပြုလုပ်မည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ဖြန့်ချိခဲ့သည့် ၁၁ ခုမြောက်အယ်လ်ဘမ် Hello My Love အတွက် စျေးကွက်မြှင့်တင်ရန် Westlife အဖွဲ့သည် ဖေဖော်ဝါရီတွင် စင်ကာပူသို့ သွားရောက်ခဲ့သေးသည်။ Westlife အဖွဲ့သည် ၂၀၁၁ ခုနှစ်တွင်လည်း စင်ကာပူရှိ Indoor အားကစားကွင်း၌ ဖျော်ဖြေခဲ့ဖူးသည်။

၁၉၉၈ ခုနှစ်တွင် Nicky Byrne, Kian Egan, Markus Fehily, Shane Filan တို့ဖြင့် ဖွဲ့စည်းခဲ့သည့် Westlife အဖွဲ့သည် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းတွင် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်တွင် Brian McFadden အဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် ကျန်ရှိသည့်အဖွဲ့ဝင်လေးဦးဖြင့် ဂီတအလုပ်များကို ဆက်လက်လုပ်ကိုင်ခဲ့သည်။

My Love, Swear It Again, Queen of My Heart နှင့်  Flying Without Wings စသည့် သီချင်းများဖြင့် အောင်မြင်ခဲ့သည့် Westlife အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဖျက်သိမ်းခဲ့သော်လည်း  ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ပြန်လည်ပေါင်းစည်းခဲ့ပြီး အယ်လ်ဘမ်သစ်နှင့် ဖျော်ဖြေပွဲခရီးစဉ်အသစ် စတင်မည့်အကြောင်း ထုတ်ပြန်ခဲ့သည်။                 

Westlife အဖွဲ့ ဖွဲ့စည်းမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြန်လည်ပေါင်းစည်းခဲ့ခြင်း ဖြစ်သော်လည်း ၂၀၀၄ ခုနှစ်တွင် အဖွဲ့မှနုတ်ထွက်ခဲ့သည့် Brian McFadden က ပြန်လည်မပါဝင်ခဲ့ပေ။


READ NEXT
Cancel OK