Top News

ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင် Nicolas Cage ပါဝင်မည့် Jiu Jitsu သိပ္ပံအက်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးမည်
24htopnews | September 25, 2024 2:12 PM CST

ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင် Nicolas Cage ပါဝင်မည့် Jiu Jitsu သိပ္ပံအက်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့အား မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးမည်ဖြစ်ကြောင်း movieweb website တွင် ရေးသားဖော်ပြထားသည်။ စိတ်လှုပ်ရှားဖွယ် သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်သွားမည့် ယင်းရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံတွင် ထည့်သွင်းရိုက်ကူးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါရုပ်ရှင်ဇာတ်ကား လာရောက်ရိုက်ကူးမည်ဆိုပါက Line Walker 2 ဇာတ်ကားအပြီးတွင် ဒုတိယမြောက် လာရောက်ရိုက်ကူးခြင်း ဖြစ်လာမည်ဖြစ်သည်။

“Line Walker 2 လာရောက် ရိုက်ကူးမယ်ဆိုတုန်းကလည်း အဆင်မပြေတာတွေ၊ အခက်အခဲတွေရှိတယ်ဆိုတာတွေ ကြားပေမယ့် ကမ္ဘာ့နိုင်ငံတွေကြားမှာတော့ မြန်မာဆို တာကို ပိုမိုသိရှိစေမှာ ဖြစ်တဲ့အတွက် ဝမ်းသာစရာ အချက်တစ်ချက်တော့ ဖြစ်တယ်လို့ တွေးမိပါတယ်။ Nicolas Cage လို ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ပါဝင်မယ့် ဒီလိုဇာတ်ကားမျိုးသာ မြန်မာနိုင်ငံမှာ တကယ်လာရိုက်ဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ခရီးသွားဆွဲဆောင်မှုက ပိုမိုကောင်းမွန်လာနိုင်သလို နိုင်ငံတကာရုပ်ရှင်စျေးကွက်ကလည်း ထည့်သွင်းစဉ်းစားကြမယ့် နိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာက ရိုက်ကူးရေးတွေ လာတဲ့အခါ ပြည်တွင်းကသူတွေလည်း အခက်အခဲမရှိဘဲ စနစ်တကျနဲ့ အဆင်ပြေပြေ သွားလာနေထိုင်နိုင်ဖို့ ပြင်ဆင်နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်” ဟု ပြည်တွင်းမှ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ဆိုသည်။

Jiu Jitsu သိပ္ပံအက်ရှင်ဇာတ်ကားမှာ ကာတွန်းစာအုပ်ကို အခြေခံဖန်တီးမည့် ဂျပန် ကိုယ်ခံပညာ သိုင်းရုပ်ရှင်ဖြစ်ကြောင်း သိရသည်။ ဟောင်ကောင်အခြေစိုက်ရုပ်ရှင် ကုမ္ပဏီ Highland Film Group မှ ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိပေးမည်ဖြစ်ကာ လက်ရှိတွင် Hongkong Filmart ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Jiu Jitsu ရုပ်ရှင်ဇာတ်ကားတွင် ခြောက်နှစ်လျှင်တစ်ကြိမ် ကျရောက်လေ့ရှိသည့် ဂြိုဟ်သားများ၏ ကျူးကျော်ရန်စမှုဒဏ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်ပုံကို ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။ Jit Jitsu ရုပ်ရှင်ဇာတ်ကားတွင် မြန်မာနိုင်ငံကို ဇာတ်အိမ်တည်ထားသည့် တိုက်ခိုက်မှုပြကွက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။                 

 


READ NEXT
Cancel OK