၂၀၁၈ ခုနှစ်အတွက် ပေးအပ်သည့် အကယ်ဒမီဆုစာရင်းများ အွန်လိုင်းပေါ်တွင် ကြိုတင်ပေါက်ကြားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဆုရရှိသင့်သူအချို့ ဆု နှင့် လွဲချော်ခဲ့သည့်အတွက် ပရိသတ်များကြားတွင် မကျေနပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်အတွက်ပေးအပ်သည့် အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ် ၂၃ ရက် ညပိုင်းတွင် ရန်ကုန်မြို့ The One Entertainment ၌ ကျင်းပခဲ့ပြီး ဆုပေးပွဲ ကျင်းပနေဆဲအချိန်မှာပင် အကယ်ဒမီ ထူးချွန်ဆုရရှိသူများစာရင်းမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့ပြီး ယင်းထွက်ပေါ်ခဲ့သည့် စာရင်းတွင်ပါဝင်သော စာရင်းအတိုင်း ဆုများပေးအပ်ခဲ့သဖြင့် ပရိသတ်များကြားတွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်ဇာတ်ကားများတွင် ပါဝင်ကာ ပရိသတ်အားပေးမှုများပြားသည့်ဇာတ်ကားအချို့မှ ဆုရရှိသင့်သူ အချို့မှာလည်း ဆုနှင့်လွဲ ချော်ခဲ့သည့်အတွက် ပရိသတ်များကြားတွင် မကျေနပ်မှုများ ပိုမိုပြင်းထန်စေခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကား ၈၃ ကားရှိခဲ့ပြီး ယင်းဇာတ်ကားများထဲမှ အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ဇာတ်ကားအဖြစ် ၂၅ ကား ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဇာတ်ကားများတွင် ပရိသတ် စံချိန်တင်အားပေးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ၊ မြန်မာ့ရုပ်ရှင်လောက၏ အရွေ့တစ်ခုအဖြစ် ပရိသတ်များက ယူဆခဲ့သည့် ဇာတ်ကားများ ပါဝင်ခဲ့သော်လည်း အကယ်ဒမီထူးချွန်ဆုများ ပေးအပ်ရာတွင်မူ ယင်းကဲ့သို့ ပရိသတ် အားပေးမှုများပြားခဲ့သည့် ဇာတ်ကားအချို့ ဆုရရှိခြင်း မရှိခဲ့သည့်အတွက် ပရိသတ်များ၏ဝေဖန်မှု မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ရက်သတ္တပတ်ကြာမြင့်စွာ ရုံတင်ပြသခဲ့ရပြီး နှစ်ကျော့ပြန် ပြသရသည်အထိ ပရိသတ်အားပေးမှု များပြားခဲ့သည့် ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်ကောင်စရိုက် ပီပြင်မှုကို အသားပေး၍ ခေတ်ကာလ၏ပုံရိပ် များကို မှန်ကန်စွာပုံဖော်ထားခဲ့သည့် ‘မီ’ ရုပ်ရှင်ဇာတ်ကားများမှ အကယ်ဒမီဆုနှင့် လွဲချော်ခဲ့သည့်အပြင် မုန်းစွဲဇာတ်ကားတွင် ခက်ခဲသည့် အမူအရာများကို အပီပြင်ဆုံး ပုံဖော်ကာ အနုပညာအရည်အသွေးကို အကောင်းဆုံး ပုံဖော်ခဲ့သည့် အကယ်ဒမီနေတိုးမှာ ဆုနှင့်လွဲချော်ခဲ့ရသည်။ ယင်းသို့ပရိသတ်များ၏ မျှော်လင့်ချက်ကြီးစွာထားခဲ့သည့်ဆု အချို့လွဲချော်ခဲ့သည့်အပြင် ဆုစာရင်းမှာလည်း ကြိုတင်ပေါက်ကြားနေသည့်အတွက် ဝေဖန်မှုများ အရှိန်အဟုန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်အချို့၏ ကျေးဇူးတင် စကားပြောကြားမှုအချို့ အပေါ်တွင်လည်း ဝေဖန်မှုများရှိခဲ့သည်။
“ဆုစာရင်းစာရွက် အတိအကျက ကြိုပေါက်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက အတွင်းစည်းကနေ ပေါက်ကြားတာလား၊ ဘယ်လိုဖြစ်တာလဲ။ အခုပေးခဲ့တဲ့ဆုတွေအပေါ်မှာရော ဘယ်လောက်ထိ စိတ်ချယုံကြည် ရမလဲဆိုတာမျိုးတွေအထိ ဖြစ်စေပါတယ်။ ဒီလိုဆုစာရင်းတွေ ကြိုပြီး ပေါက်ကြားတာမျိုးကတော့ အရမ်းကို ရှက်စရာလည်း ကောင်းသလို တော်တော်လေးကိုလွဲမှားတဲ့ အခြေအနေလို့ ပြောရပါမယ်။ ပြီးတော့ ဆုရသင့်တဲ့သူတချို့ကို ဆုမပေးတာနဲ့ ပတ်သက်လို့လည်း အကယ်ဒမီ စံချိန်စံညွှန်းဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားစရာဖြစ်ရပါတယ်။ အနုပညာအရည်အသွေးအပေါ် အဓိကသုံးသပ် အကဲဖြတ်တယ်ဆိုရင် အရည်အသွေးအရ သိသာထင်ရှားတဲ့သူတချို့ကို ဆုနဲ့ပတ်သက်ပြီး ချန်လှပ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရပါ တယ်” ဟု အနုပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။
‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ပရိသတ်များက အကယ်ဒမီမျှော်မှန်း ပေးခဲ့ကြသော်လည်း လွဲချော်ခဲ့ရသည့် သရုပ်ဆောင် အကယ်ဒမီနေတိုးက ‘‘ကျွန်တော်တို့ အနုပညာရှင်တွေအတွက်ကတော့ အကယ်ဒမီရဖို့ဆိုတာအတွက် ဖန်တီးကြတာ မဟုတ်ပါဘူး။ အကယ်ဒမီဆိုတာ လွဲချော်တတ်တဲ့ သဘောတရားလည်း ရှိပါတယ်။ ဒါကိုလည်း ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်တွေကို အရင်ကတည်းကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဆုရခြင်း မရခြင်းဆိုတာတွေက အရမ်းကြီး အရေးမပါပါဘူး။ ဒါက အကယ်ဒမီ စိစစ် အကဲဖြတ်အဖွဲ့ဝင်တွေရဲ့သုံးသပ်အကဲဖြတ်မှုပေါ့။ အခု ဆုရသွားတဲ့ ဇော်မိုး (သူထူးစံ)ဆိုလည်း ကျွန်တော့်သူငယ်ချင်းပါ။ သူရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး အားထုတ်ကြိုးစားခဲ့တဲ့ မုန်းစွဲဇာတ်ကားထဲက ကိုကြံ့တို့၊ ကို သြရသ၊ ကိုဝင်းလွင်ထက်၊ ဦးအေးတို့အတွက် လည်းဝမ်းသာရသလို တခြားဆုရခဲ့တဲ့ အနုပညာ ညီအစ်ကို မောင်နှမတွေအားလုံးအတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ ဆုရတယ် မရဘူးဆိုတာထက် ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံး အရည်အသွေးဖြစ်အောင် ဆက်ပြီးကြိုးစားနေမှာပါ’’ဟု ဆိုသည်။
သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗိုလ်ကလည်း ‘‘အကယ်ဒမီဆုရခြင်းအတွက် ဝမ်းသာရသလို တကယ့်ကိုအနုပညာအရည်အသွေးအရ အကောင်းဆုံး ကြိုးစားခဲ့တဲ့ သူငယ်ချင်းနေတိုး ဆုနဲ့ လွဲချော်သွားလို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ဆုရသွားတဲ့ကို ဇော်မိုးအတွက်လည်း ဝမ်းသာရပါတယ်။ အဲဒီလိုပဲပြောချင်ပါတယ်’’ဟု ဆိုသည်။
ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦးက ‘‘အကယ်ဒမီဆိုရင် ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့အမြဲ စောင့်ကြည့်အားပေးပေမယ့် နှစ်တိုင်းလည်း အမြဲလွဲချော်နေတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ အခုနှစ် ပေးသွားတဲ့ဆုတွေကတော့ ပြန်သုံးသပ်သင့်တယ်လို့ထင်ပါတယ်။ ရုပ်ရှင်လောကရဲ့အရွေ့တစ်ခုဖြစ်စေတဲ့ ဇာတ်ကားတွေလို့ပြောရမယ့် ဥပါယ်တံမျဉ်တို့၊ မီတို့ကနေ ဆုတစ်ခုမှ မပါလာတာ၊ မုန်းစွဲမှာ အမြွှာညီအစ်ကိုနှစ် ယောက်ရဲ့ မတူတဲ့ခံစားမှုကို မြင်သာအောင် အပီပြင်ဆုံးလုပ်သွားတဲ့ ကိုနေတိုးကို ဆုမပေးတာ၊ ကိုယ့်ယောကျ်ားကို အရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားမှုတွေကို မျက်လုံးတွေမှာပေါ်အောင် လုပ်ပြနိုင်တဲ့ မအေးသောင်း ဆုနဲ့လွဲသွားတာတွေက တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်’’ ဟု ပြောကြားသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်