Top News

အကယ်ဒမီ နေတိုးနှင့်တွေ့ဆုံခြင်း
24htopnews | September 25, 2024 2:12 PM CST

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးအဖြစ် ပရိသတ်တွေနဲ့ အနုပညာလောကသားတွေရဲ့ ချီးကျူးခြင်းကိုခံရသူ သရုပ်ဆောင်တစ်ဦးကတော့ အကယ်ဒမီနေတိုးပါ။

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေနဲ့ အနုပညာရှင်တွေ အများအပြားရဲ့ ခန့်မှန်းပေးခြင်းကို ခံနေရသူလည်းဖြစ်တဲ့ ကိုနေတိုးနဲ့တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ ၂၀၁၉ ခုနှစ်အတွက် စီစဉ်ထားတဲ့ အနုပညာခြေလှမ်းတွေနဲ့ အတူ မကြာမီကျင်းပတော့မယ့် အကယ်ဒမီပွဲအတွက် ရင်ခုန်သံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ် . . . .

 

မေး-  လတ်တလော အနုပညာ လှုပ်ရှားမှုလေးတွေကို အရင်သိပါရစေ။

ဖြေ -  7th Sense Production ကရိုက်ကူးမယ့် Box.8 8 ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ရှိပါတယ်။

မေး - Box.8 8 ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်မျိုးနဲ့ ပါဝင်ရမှာလည်း။

ဖြေ -  Box.8 8 ဇာတ်ကားက မိသားစု ဒရမ်မာဇာတ်လမ်းအမျိုးအစားလေးပါ။ ဒီဇာတ်ကားမှာ ကျွန်တော်နဲ့ မအူဝဲက အိမ်ထောင်ကျပြီ သမီးလေးတစ်ယောက်ရှိတယ်ပေါ့။ ကျွန်တော့်ရဲ့ ဇာတ်ကောင်ကတော့ သတင်း အယ်ဒီတာ သမားတစ်ယောက်အဖြစ် ပါဝင်ရမှာပါ။

မေး -  ဒီဇာတ်ကားအတွက် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ - ဒီဇာတ်ကား မရိုက်ကူးခင်မှာ ကျွန်တော့်အတွက် ခြောက်လလောက် ပြင်ဆင်ချိန်ရခဲ့ပါတယ်။ ခြောက်လဆိုတာက ကျွန်တော်တို့ရင်ထဲကို ဒီဇာတ်ကားရဲ့ ဇာတ်လမ်းလေးရင်ထဲကိုရောက်လာဖို့အတွက် အချိန်ရခဲ့တာပေါ့။ အဲဒီအတွက် ဇာတ်ကား ရိုက်ကူးတော့မယ်ဆိုတဲ့အချိန်မှာ ကိုယ်ပါ ဝင်ရမယ့် ဇာတ်ကောင်အတွက် လိုအပ်တဲ့ စိတ်ခံစားမှု တွေလည်းရှိနေပါပြီ။ နောက်ပြီး ရိုက်ကူးမှုတွေ မစခင်မှာလည်း လိုအပ်တာတွေ  အားလုံးနီးပါးတော့ ပြင်ဆင်ထားပါတယ်။ နောက်ပြီး ဒီဇာတ်ကားမှာက ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားတွေ အတူတွဲမရိုက်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမ(အိန္ဒြာကျော်ဇင်)နဲ့ အတူတွဲပြီး ပြန်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားလေး ဖြစ်သလို ပါဝင်တဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ သရုပ်ဆောင်မှုပိုင်းကိုပိုပြီး ဦးစား ပေးထားတဲ့ဇာတ်ကားလေးဖြစ်လို့ ပရိသတ်တွေအတွက် ထူးခြားတဲ့ဇာတ်ကားလေးဖြစ်မှာပါ။

မေး - ခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေအတွက် ဘယ်လိုတွေ စိစစ်လုပ်ဆောင်နေတာမျိုးရှိလဲ။

ဖြေ -  ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့အနေနဲ့ ရုပ်ရှင်ဇာတ်ကားဆိုရင် တစ်နှစ်ကို အများဆုံးမှ သုံးကား လေးကားလောက်ပဲရိုက်ချင်တယ်။ ဒါပေမဲ့လည်း အခုအချိန်ထိတော့ လိုအပ်ချက်အရ ပုံမှန်အားဖြင့်တော့ တစ် နှစ်ကို ရုပ်ရှင်ဇာတ်ကားခြောက်ကား ခုနစ်ကားလောက်အထိရိုက်ပေးဖို့ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ နောက်ပိုင်းတော့ ဖြည်းဖြည်းချင်းမှာ ရုပ်ရှင်ဇာတ်ကားတွေကို အရည်အသွေးပိုင်း ပိုမိုကောင်းမွန်တဲ့ဇာတ်ကားတွေဖြစ်အောင်၊ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ သေချာပြင်ဆင်ပြီး ရိုက်ကူး မယ့်ဇာတ်ကားတွေဖြစ်အောင် ဦးတည်ပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။

မေး -  LGBT တွေဘက်က မိန်းမလျာဇာတ်ရုပ်တွေ ထည့်သွင်းရိုက်ကူးမှု တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ တောင်းဆိုမှုတွေရှိနေတဲ့အပေါ် အမြင်လေးလည်း  သိပါရစေ။

ဖြေ - ကျွန်တော့်အနေနဲ့ကတော့ သူတို့ကို လှောင်ပြောင်ပြီး ရိုက်ကူးခဲ့တာမျိုးမရှိပါဘူး။  အဲဒီလို ဇာတ်လမ်းမျိုးတွေကိုလည်း လက်ခံ ရိုက်ကူးခဲ့တာမရှိပါဘူး။ အဓိကကတော့ ရုပ်ရှင်ဆိုတာက ဖျော်ဖြေရေးဘက်ကိုဦးတည်တဲ့ ဇာတ်ကားတွေလည်းရှိပါတယ်။ ဇာတ်ကားတိုင်းကတော့ ပရိသတ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း မူတည်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာမှာတော့ တစ်ယောက်အပေါ်တစ်ယောက် ထိခိုက်နိုင်တဲ့ တင်ပြမှုပုံစံ၊ ထိခိုက်နိုင်တဲ့ ဇာတ်ကောင် တစ်ခုကို ယူပြီးရိုက်ကူးတာတွေကတော့ မကောင်းဘူးလို့ မြင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာ ဝေဖန်အကြံပြုတယ်ဆိုတာကတော့ ရှိနေမှာပါပဲ။ အဆိုးအကောင်း ဆိုတာကလည်း ဘယ်နေရာမှာ မဆိုတွဲနေမှာပဲလေ။ ဘယ်လိုပဲဖြစ်လာဖြစ်လာ အတတ်နိုင်ဆုံတော့ တစ်ဦးအပေါ်တစ်ဦး ပြန်ပြီး ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့တော့ မြင်ပါတယ်။

မေး - ၂၀၁၉ ခုနှစ်ထဲမှာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဇာတ်လမ်းတွေက ဘယ်လိုဇာတ်လမ်းမျိုးတွေဖြစ်မလဲ။

ဖြေ -  ၂၀၁၉ ခုနှစ်မှာတော့ ကျွန်တော်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ဇာတ်ကားတွေရဲ့ ရာခိုင်နှုန်း ၆၀ က ဒရမ်မာဇာတ်လမ်းတွေပါ။ ကျန်တဲ့ ရာခိုင်နှုန်း ၄၀ လောက်ကတော့ အချစ်ဇာတ်ကားတွေ၊ ထိတ်လန့်သည်းဖို ဇာတ်ကားတွေအပြင် အက်ရှင်ဇာတ်ကားတွေလည်း ပြင်ဆင်နေတာရှိပါတယ်။ ဇာတ်လမ်း အမျိုးအစားစုံဖြစ်လို့  ဟာသလည်းပါပေမယ့် နည်းတော့ နည်းတယ်။

မေး -  မုန်းစွဲဇာတ်ကားက အခုချိန်ထိ နယ်တွေမှာ ပြသနေရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ - မုန်းစွဲက ကျွန်တော်တို့အတွက်ရော ပရိသတ်တွေအတွက်ရော အမှတ်ရစရာ ဇာတ်ကားတစ်ခုပါ။ ရုပ်ရှင်လောကအတွက်လည်း တော်တော်အားရစရာကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ခုချိန်ထိပြသနေရတဲ့ အတွက်လည်း ဝမ်းသာရပါတယ်။

မေး - ဒီနှစ်အတွက် အကယ်ဒမီဆုအတွက် ပရိသတ်တွေကရော အနုပညာအသိုင်းအဝိုင်းကပါ ၀ိုင်းဝန်း ခန့်မှန်းပေးနေကြတာဆိုတော့ အကယ်ဒမီရင်ခုန်သံကိုလည်း ပြောပြပေးပါဦး။

ဖြေ - အကယ်ဒမီကတော့ နှစ်စဉ်တိုင်းလိုလိုမှာ ကျွန်တော့်ဇာတ်ကားတွေပါဝင်ခဲ့တယ်။ အဲဒီလို ပါဝင်ဖို့ အခွင့်အရေးတွေလည်း ရခဲ့တယ်ပေါ့။ အဲဒီအတွက် ကျွန်တော်ဘက်က ကျေနပ်ပီတိဖြစ်ရပါတယ်။ နောက်ပိုင်းမှာလည်း ဒီ့ထက်ပိုပြီး ပရိသတ်တွေက အကယ်ဒမီအတွက် ခန့်မှန်းပေးနိုင်တဲ့ ဇာတ်လမ်းမျိုးတွေကို အကောင်းဆုံးရွေးချယ်ပြီး ရိုက်ကူးသွားပါ့မယ်လို့ပဲ ပြောချင်ပါတယ်။

 


READ NEXT
Cancel OK