Top News

ဘင်္ဂါလီမွတ်စလင်များအား ဖိနှိပ်မှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ပတ်သက်ခြင်း ရှိ မရှိသည် အဖြေမပေးနိုင်သည့် မေးခွန်းဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ ပြောကြား
24htopnews | September 20, 2024 2:12 PM CST

ဘင်္ဂါလီမွတ်စလင်များအား ဖိနှိပ်မှုများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရားရေးအရ ပါဝင်ငြိစွန်းခြင်း ရှိ၊ မရှိအား ကျွမ်းကျင်သူများက သုံးသပ်ဆုံးဖြတ်ပေးသင့်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၇ တွင် တောင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်က ဘင်္ဂါလီမွတ်စလင်ပဋိပက္ခတွင် ဒေါ်အောင်ဆန်းစုကြည်သည် မည်ရွေ့မည်မျှ တာဝန်ရှိသည်ကို ၎င်းတို့အနေနှင့် ဆုံးဖြတ်၍မရကြောင်း ပြောကြားခဲ့သည်။

“အပြစ် ရှိ၊ မရှိ ဆိုတာက တရားရေးကိစ္စ ဖြစ်လာပါလိမ့်မယ်” ဟု အချက်အလက် ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ မာဇူကီဒါရုဇမန်က ဂျီနီဗာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သော ရက်စက်မှုများအတွက် ပြစ်ဒဏ်များ စီရင်နိုင်ရန် လူ့အခွင့်အရေးကောင်စီသည် မကြာသေးမီက အထူးအဖွဲ့တစ်ဖွဲ့ တည်ထောင်ခဲ့သည်။ Independent International Mechanism for Myanmar (IIMM) ဟု အမည်ပေးထားသော ထိုအဖွဲ့သည် ဘင်္ဂါလီမွတ်စလင်များအား ဖိနှိပ်မှု၌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ရန် ကျွမ်းကျင်မှု ရှိနိုင်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တွင် အပြစ်ရှိနိုင်သည်ဟု မေးလာခဲ့ပါက ထိုကိစ္စသည် တရားရေးလုပ်ငန်းစဉ်အတွက်ဖြစ်ကြောင်း IIMM ကို ရည်ညွှန်းပြီး ဒါရုဇမန်က ပြောကြားခဲ့သည်။ ဘင်္ဂါလီမွတ်စလင်များအား ၂၀၁၇ ခုနှစ် သြဂုတ်တွင် စစ်ရေးအရ ကိုင်တွယ်ဖြေရှင်းခဲ့မှုသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြီးခဲ့သည့်နှစ်တွင် သတ်မှတ်ဆုံးဖြတ်ခဲ့သည်။

စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သော စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီ မွတ်စလင် ၆၀၀၀၀၀ ခန့်သည် မျိုးတုံးသတ်ဖြတ်ခံရမည့် အန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက သတိပေးခဲ့သည်။

စစ်ရာဇဝတ်မှုနှင့် မျိုးတုံးသတ်ဖြတ်မှုတို့တွင် ပါဝင်သည်ဟု သံသယရှိသော တာဝန်ရှိသူ ၁၅၀ ခန့်ကို စာရင်းပြုစုရရှိထားကြောင်း စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၇ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ကနဦးတွင်  ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်ခဲ့ခြင်းမရှိကြောင်း၊ ဒါရုဇမန်က မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေသည်ကို အချက်အလက်ရှာဖွေရေးမစ်ရှင်က ထည့်သွင်းစဉ်းစားခဲ့ကြောင်း ထို့ကြောင့် ၎င်းတို့၏ ပထမဆုံး အစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်တာဝန်မရှိဟု လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ဒါရုဇမန်က ပြောကြားခဲ့သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်တွင် မြန်မာတပ်မတော်၏ ဆောင်ရွက်ချက်များအား ဒေါ်အောင်ဆန်းစုကြည်က သိရှိခဲ့ခြင်းမရှိနိုင်သော်လည်း ထိုပြဿနာနှင့် ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းမှုများတွင်  ဒေါ်အောင်ဆန်းစုကြည်၏ ကဏ္ဍသည် နောက်ဆက်တွဲ ဖြစ်လာသည်ဖြစ်ကြောင်း  ဒါရုဇမန်က ပြောကြားခဲ့သည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အဖွဲ့ဝင်နောက်တစ်ဦးဖြစ်သော ဆီဖာဒိုတီက “အစိုးရရဲ့ အရပ်ဘက်ဆိုင်ရာက အစိုးရရဲ့ စစ်ဘက်ဆိုင်ရာကို ထိန်းချုပ်မထားဘူးဆိုတာ ရှင်းလင်းပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အရပ်ဘက်အပိုင်းဟာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ တာဝန်ရှိမှုတွေတော့ အတော်အသင့်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီအတိုင်း ကြာရှည်ဆက်သွားမယ်ဆိုရင် အစိုးရရဲ့ အရပ်ဘက်ခြမ်းဟာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အရေးယူမှုကနေ လွတ်ကင်းနေဖို့ ပိုပြီးမဖြစ်နိုင်တော့ပါဘူး” ဟု ဆီဖာဒိုတီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့သော အချက်အလက်ရှာဖွေရေး မစ်ရှင်သည် လာမည့်သီတင်းပတ်အကုန်တွင် ပြီးစီးမည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ၎င်းတို့၏ တာဝန်များကို အဆုံးသတ်ဖွယ်ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီက အခြေအနေကို ဆက်လက်စောင့်ကြည့်မည်ဖြစ်သည်။             

 

 


READ NEXT
Cancel OK