Top News

လျှပ်စစ်သုံးပစ္စည်းများနှင့် ပတ်သက်၍ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးပြောကြား
24htopnews | September 20, 2024 2:12 PM CST

 

လျှပ်စစ်သုံးပစ္စည်းများနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အီလက်ထရွန်နစ်ပစ္စည်းများနှင့်ပတ်သက်သည့် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများ သတ်မှတ်ပြီးပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချနေသော လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းမှုနှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက “လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများအပါအဝင် နယ်ပယ်ကဏ္ဍအသီးသီးအတွက် မြန်မာစံချိန်စံညွှန်း အတည်ပြုသတ်မှတ်ခြင်းကို ပညာရေးဝန်ကြီးဌာန အမျိုးသားစံချိန်စံညွှန်းကောင်စီက ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း ပြည်ပက ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်း ချလျက်ရှိတဲ့ လျှပ်စစ်ပစ္စည်းနဲ့ပတ်သက်ပြီး  စစ်ဆေးပေးဖို့ လျှောက်ထားလာပါက စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေးဌာနက အရည်အသွေး စစ်ဆေးပေးလျက်ရှိပါတယ်။ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတွေ ပြည်တွင်းမှာ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လျှပ်စစ်နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မဖြစ်မနေ လိုက်နာရမယ့် စံချိန်စံညွှန်းတွေကို အမျိုးသားစံချိန်စံညွှန်းကောင်စီက သတ်မှတ်ပြီးပါက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာ ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားစံချိန်စံညွှန်းကော်စီမှ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများ သတ်မှတ်ပြဋ္ဌာန်းပြီးပါက လက်ရှိကျင့်သုံးလျက်ရှိသော လျှပ်စစ်စစ်ဆေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၌ ပြင်ဆင်ဖြည့်စွက်ကာ လျှပ်စစ်ပစ္စည်းများကို စနစ်တကျ မှတ်ပုံတင်စေခြင်း၊ လက်မှတ်ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုထက်ပိုမိုပြီးထိရောက်စွာ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ တည်ထောင်ခြင်းမှာ ကုန်ကျစရိတ် အလွန်များပြားခြင်းကြောင့် ပြည်တွင်း ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ လျှပ်စစ်စစ်ဆေးရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပေး လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပထုတ် လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်ရေးနှင့်သုံးစွဲသူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းပြီး သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေးအတွက် အရည်အသွေးစမ်းသပ် စစ်ဆေးချက် ထုတ်ပေးခြင်းနှင့် ပြည်တွင်းဖြစ် လျှပ်စစ်ပစ္စည်းများ၏ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 


READ NEXT
Cancel OK