Top News

ချန်ပီယံလိဂ်အုပ်စုအဆင့်က မန်ယူ လှည့်ပြန်ခဲ့ရပြီး ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ ဂျူဗင်တပ်စ်
24htopnews | September 17, 2024 5:12 PM CST

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာတော့ မန်ယူအသင်းဟာ လိုက်ပ်ဇစ်အသင်းကို သရေကျရုံနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မှာဖြစ်ပေမဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့လို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဂျူဗင်တပ်စ်အသင်းက ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ 

လိုက်ပ်ဇစ်နဲ့ မန်ယူပွဲမှာတော့ ဧည့်သည်မန်ယူအသင်းဟာ ဒီပွဲမှာ သရေရရုံနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပေမဲ့ လိုက်ပ်ဇစ်အသင်းကို (၂-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရတာကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ 

လိုက်ပ်ဇစ်အသင်းဟာ ၃-၄-၂-၁ ပုံစံနဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ အော်လ်မိုကို အထောင်ထားကာ ပွဲထုတ်ခဲ့ပါတယ်။ မန်ယူကတော့ ရပ်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေး၊ တဲလက်စ်၊ မာတစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ 

လိုက်ပ်ဇစ်အသင်းဟာ ပွဲစပြီး (၂) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဆဘစ်ဇာ တင်ပေးတာကို အန်ဟယ်လီနိုက ကန်သွင်းယူခဲ့တာပါ။ 

အဲဒီနောက်မှာလည်း လိုက်ပ်ဇစ်အသင်း ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၁၃) မိနစ်မှာ အန်ဟယ်လီနို တင်ပေးတာကို ဟိုင်ဒါရာ အနီးကပ် ပိတ်သွင်းယူခဲ့ပါတယ်။ ပေးလိုက်ရတဲ့ဂိုး (၂)ဂိုးစလုံးမှာ မန်ယူအသင်းရဲ့ခံစစ်ပိုင်းက အတော်လေးညံ့ဖျင်းခဲ့ပါတယ်။ 

ပွဲအစပိုင်းမှာတင် (၂)ဂိုး ပေးလိုက်ရတဲ့ မန်ယူအသင်းဟာ ချေပဂိုး ရဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ဟာ ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ လိုက်ပ်ဇစ် ခံစစ်ကလည်း မန်ယူတိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားဟာ ဗန်ဒယ်ဘိခ်၊ ပေါ့ဘာ၊ ဘရန်ဒန်ဝီလျံစ်တို့ကို ထည့်သွင်းပြီး ကစားခဲ့ပါတယ်။ ပေါ့ဘာတို့ ဝင်လာပြီးနောက်မှာ မန်ယူအသင်း တိုက်စစ်ပိုအသက်ဝင်လာခဲ့ပြီး ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ 

ဒါပေမဲ့ ပွဲချိန် (၆၉) မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂိုးထပ်ပေးလိုက်ရတာက မန်ယူအသင်းကို ကံဆိုးစေခဲ့ပါတယ်။ ဒီဂိုးကို ယပ်စတင်ကလွိုက်ဗတ်က အန်ကွန်ကူရဲ့ပေးပို့မှုကနေ ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ပိတ်သွင်းယူခဲ့ပါတယ်။ 

အဲဒီနောက်မှာ မန်ယူအသင်း ချေပဂိုးရဖို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် မိနစ် (၈၀)မှာ ဂရင်းဝုဒ်ကြောင့် ရရှိတဲ့ ပယ်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။ 

(၁)ဂိုးရပြီးနောက် အားတက်သွားတဲ့ မန်ယူအသင်းဟာ ဆက်တိုက်ဖိကစားခဲ့ပြီး နောက် (၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၈၂)မိနစ်မှာပဲ ထောင့်ကန်ဘောကနေ ပေါ့ဘာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ နောက်တစ်ဆင့်တက်ဖို့အတွက် မန်ယူတို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပေမဲ့ တိုက်စစ်က ရပ်ရှ်ဖို့ဒ် အသုံးချနိုင်ခြင်းမရှိခဲ့လို့ လိုအပ်တဲ့ ချေပဂိုးမရတော့ဘဲ (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

PSG-ဘာရှက်ဆီဟီပွဲမှာ စတုတ္ထဒိုင်ရဲ့ လူမျိုးရေးခွဲခြားမှုကြောင့် ပထမပိုင်း ပွဲချိန် မိနစ် (၂၀)ကျော်မှာတင် ပွဲရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ PSG အသင်းဟာ မန်ယူအသင်းကို Head-to-head မှာ အသာရထားတာကြောင့် ဘာရှက်ဆီဟီကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် ရှုံးထွက် (၁၆)သင်းကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကတော့ ယူရိုပါလိဂ်သို့ ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ 

 

 

 

ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်ပွဲမှာတော့ ဂျူုဗင်တပ်စ်အသင်းက အိမ်ရှင် ဘာစီလိုနာအသင်းကို စီရော်နယ်လ်ဒိုရဲ့ ပယ်နယ်တီ (၂)ဂိုး အပါအဝင် (၃)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ 

ဒီပွဲက အုပ်စုဗိုလ်နေရာအတွက် အရေးပါတဲ့ပွဲဖြစ်လို့ နှစ်သင်းစလုံး လူစုံထုတ်ကစားခဲ့ကြတာပါ။ ဘာစီလိုနာအသင်းမှာ မက်ဆီ ဦးဆောင်ကစားခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းမှာလည်း စီရော်နယ်လ်ဒိုက ဦးဆောင်ကစားခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ထိုးဖောက်မှုတွေက ပိုမိုထိရောက်ခဲ့တာပါ။ 

ပွဲချိန် (၁၃)မိနစ်မှာ စီရော်နယ်လ်ဒိုဟာ သူ့ကြောင့် ရတဲ့ ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို အဖွင့်ဂိုး စရစေခဲ့ပါတယ်။ 

အဲဒီနောက်မှာလည်း ဂျူဗင်တပ်စ်အသင်းက အခွင့်အရေးတွေ ထပ်ရခဲ့ပြီး ပွဲချိန် (၂၀)မိနစ်မှာ ကွာဒရာဒို ဖန်တီးပေးတာကို မက်ကန်းနီးက လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ 

ဘာစီလိုနာတိုက်စစ်မှာ မက်ဆီ တစ်ဦးတည်း ရုန်းကန်ခဲ့ရပြီး ဂျူဗင်တပ်စ်အသင်း ခံစစ်ပိုင်းကလည်း အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပြီး တိုက်စစ်ဖွင့်ကစားခဲ့ပေမဲ့ တိုက်စစ်မှာ ဂရီးဇ်မန်း အလုပ်မဖြစ်တာကြောင့် ချေပဂိုးရဖို့ ခက်နေခဲ့ပါတယ်။ 

ဒါ့အပြင် ပွဲချိန် (၅၂)မိနစ်မှာ ပယ်နယ်တီဧရိယာအတွင်း လွန်းဂလတ် လက်ထိခဲ့လို့ ဂျူဗင်တပ်စ်အသင်း ပယ်နယ်တီ ထပ်ရခဲ့ပြီး စီရော်နယ်လ်ဒိုကပဲ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ ဂျူဗင်တပ်စ်တို့ (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ကျန်ပွဲချိန်တွေမှာ ဘာစီလိုနာတို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အလုပ်မဖြစ်ခဲ့တာကြောင့် ပွဲအပြီး ဂျူဗင်တပ်စ်အသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရပြီး Head-to-head မှာ ဘာစီလိုနာအသင်းထက် သာတာကြောင့် အုပ်စုဗိုလ်နေရာကို ရရှိခဲ့ပါတယ်။ 

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၆ ရလဒ်

ဇင်းနစ် ၁-၂ ဒေါ့မွန်

လာဇီယို ၂-၂ ကလပ်ဘရုဂေး

ချယ်လ်ဆီး ၁-၁ ခရက်စ်နိုဒါ

ရန်းစ် ၁-၃ ဆီဗီလာ

ဘာစီလိုနာ ၀-၃ ဂျူဗင်တပ်စ်

ဒိုင်နမိုကိဗ် ၁-၀ ဖယ်ရန်ဗာရို့စ်

လိုက်ပ်ဇစ် ၃-၂ မန်ယူ

(နောက်တစ်ဆင့် တက်ခဲ့သည့်အသင်းများ - ချယ်လ်ဆီး၊ ဆီဗီလာ၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ လိုက်ပ်ဇစ်၊ PSG)


READ NEXT
Cancel OK