Top News

ဟိန္ဒားခဲမဖြူသတ္တုမိုင်း၌ ရေကာတာ တည်ဆောက်မှုကြောင့် နှစ်ရှည်ပင် အများအပြား ဆုံးရှုံးခဲ့ရသဖြင့် ဒေသခံရွာသားတစ်ဦးက လျော်ကြေး ကျပ်သိန်း ၁၀၀၀ ကျော်ရလိုမှုဖြင့် ကုမ္ပဏီအား တရားစွဲဆိုထားမှုကို လေးနှစ်ကျော် စစ်ဆေးပြီးနောက် တရားရုံးက ဒေသခံရွာသားအား အနိုင်ပေး
24htopnews | September 17, 2024 2:12 PM CST

ထားဝယ်မြို့၏ အရှေ့ဘက် မိုင် ၃၀ ကျော်အကွာ ဟိန္ဒားရွာရှိ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pong PiPat Co;Ltd-MPC) က လုပ်ကိုင်နေသော ဟိန္ဒား ခဲမဖြူသတ္တုမိုင်း၌ ရေကာတာတည် ဆောက်မှုကြောင့် နှစ်ရှည်ပင်အများအပြား ဆုံးရှုံးခဲ့ရသဖြင့် ဒေသခံရွာသားတစ်ဦးက လျော်ကြေး ကျပ်သိန်း ၁၀၀၀ ကျော်ရလိုမှုဖြင့် ကုမ္ပဏီအား တရားစွဲဆိုထားမှုကို လေးနှစ်ကျော်အကြာစစ်ဆေးပြီးနောက် တရားရုံးက ဒေသခံရွာသားအား အနိုင်ပေးလိုက်ကြောင်း အမိန့်ချခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်များအတွင်းက မြန်မာ ပွန်ပီပက်ကုမ္ပဏီလီမိတက်၏ ဟိန္ဒားသတ္တုမိုင်းတွင် အသုံးပြုရန်တည်ဆောက်ခဲ့သော မိုင်းရေကာတာကြောင့် ရေကာတာအပေါ်ပိုင်းရှိ ဥယျာဉ်ခြံများ ရေလွှမ်းကာ နှစ်ရှည်ပင်များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထိုပျက်စီးဆုံးရှုံးခဲ့သော ဥယျာဉ်ခြံမြေပိုင်ရှင်များအနက် ကင်ပွန်းခြုံရွာသားဖြစ်သူ စောဒါးရွှေက ပျက်စီးဆုံးရှုံးခဲ့သော ၎င်း၏ အပင်များဖြစ်သည့် သက်တမ်း ၂၅ နှစ်အထက် ကွမ်းသီးပင် (အကြီး) ၆၀၂ ပင်၊ သက်တမ်း ၁၀ နှစ်မှ ၂၅ နှစ် သက်တမ်းရှိ ကွမ်းသီးပင် (အလတ်) ၁၉၀၊ သက်တမ်း ၁၀ နှစ်အောက်ရှိ ကွမ်းသီးပင် (အငယ်) ၈၀ စုစုပေါင်း ၈၈၂ ပင် ထိခိုက်ပျက် စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေကျပ် ၁၁၄၈ သိန်း ရလိုမှုဖြင့် မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်ကို တရားမကြောင်းအရ တရားစွဲဆိုခဲ့သည်။

မြန်မာ ပွန်ပီပက်ကုမ္ပဏီလီမိတက်အား တရားစွဲဆိုခြင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ထားဝယ်ခရိုင်တရားရုံး၌ စတင် တရားစွဲဆိုပြီး လေးနှစ်ကျော်အကြာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် ထားဝယ်ခရိုင်တရားရုံးက တရားလိုဖြစ်သူ စောဒါးရွှေ၏ ကွမ်းသီးပင်များ ပျက်စီးဆုံးရှုံးခြင်းအတွက် မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်အနေဖြင့် လျော်ကြေးငွေ ကျပ် ၁၁၄၈ သိန်းပေးလျော်ရန် စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တာကပေါ လူငယ်အဖွဲ့ထံမှ သိရသည်။

“အခုကကျတော့ သူက ၂၀၁၅ ကတည်း က ဒီနစ်နာကြေးကိုလိုချင်လို ့ထားဝယ်ခရိုင်တရားရုံးမှာ တရားစွဲတယ်။အခုအမိန့်ချတာ က ဖထီးဒါးရွှေက နိုင်တယ်ပေါ့နော်။ကုမ္ပဏီ က နစ်နာကြေး ပေးဆောင်ရမယ်လို့ အမိန့်ချ လိုက်တယ်လေ။ ဒါပေမဲ့ တရားရုံးရဲ့ သဘော သဘာဝကကျတော့ ခရိုင်ရုံးမှာ နိုင်သော်ငြား လည်း ကုမ္ပဏီက တိုင်းအဆင့်တက်လို့ရတယ်၊ နေပြည်တော်အထိ တက်လို့ရတယ်။ ကုမ္ပဏီ က ဆက်တက်ချင်တက်မှာပေါ့နော်။ ပြီးတော့ ကျွန်မတို့က အခုခရိုင်တရားရုံးက အမိန့်ချ ထားတာပဲရှိသေးတယ်။ ဆက်ပြီးတော့ ကုမ္ပဏီ ဘက်က ဒီပိုက်ဆံကို ဘယ်လိုပေးမလဲဆိုတာ ကျွန်မတို့ စောင့်ကြည့်ပြီးဆက်လုပ်ရဦးမှာ” ဟု တာကပေါ လူငယ်အဖွဲ့၏အကြံပေးဖြစ်သူ နော်ပီသလောက ပြောကြားသည်။

လက်ရှိအနေအထားအရ ကုမ္ပဏီဘက်က ထားဝယ်ခရိုင်တရားရုံး၏အမိန့်ချမှတ်မှု အပေါ် တိုင်းဒေသကြီးအဆင့်နှင့် နေပြည်တော်ရှိ တရားရုံးချုပ်တို့ထံ အယူခံ ဝင်ခွင့်ရှိနေကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့အဖွဲ့မှ လိုက်ပါဆောင်ရွက်ကူညီပေးခဲ့သည့် အမှုများအနက် ဒေသခံတစ်ဦးက မြန်မာပွန်ပီပက် ကုမ္ပဏီအပေါ် တရားစွဲဆို၍အနိုင်ရရှိခဲ့မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီ (Myanmar Pong PiPat Co;Ltd-MPC) က လုပ်ကိုင်နေသည့် အကြီးစားသတ္တု လုပ်ကွက်ဖြစ်သော ဟိန္ဒားသတ္တုတွင်းကို အစိုးရ အမှတ် (၂) သတ္တုတွင်းနှင့် အကျိုးတူ ပူးပေါင်းကာ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်သက်တမ်းတစ်ကြိမ်နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန် ၃၀ အထိ ငါးနှစ်သက်တမ်း တစ်ကြိမ် စုစုပေါင်း သက်တမ်းနှစ်ကြိမ် (နှစ် ၂၀) ကို လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မြေ ဧက၂၁၁၀ ပေါ်တွင် သတ္တုတူးဖော်ထုတ်လုပ်နေကြောင်း၊ ပြီးခဲ့သည့် ဇွန် ၃ဝရက်က ကုမ္ပဏီ၏ လုပ်ကိုင် ခွင့် သက်တမ်းကုန်ဆုံးခဲ့သောကြောင့် ကုမ္ပ ဏီဘက်က ရင်းနှီးမြှုပ်နှံမှုထပ်မံပြုလုပ်ရန် နှင့် သက်တမ်းထပ်မံတိုး၍ လုပ်ကိုင်ခွင့်ပြုရန် နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာနရုံးချုပ် ထံ တင်ပြထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သဘောထား မှတ်ချက်တောင်းခံလာသဖြင့် အစိုးရအဖွဲ့ Cabinet အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းသတ္တုမိုင်းအား တတိယအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ အကြံပြုချက် ပါအတိုင်း ဆောင်ရွက်ပြီးမှသာ ခွင့်ပြုမည်ဆိုပါက ကန့်ကွက်ရန်မရှိပါကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို ပြီးခဲ့သည့် ဇွန် ၁၂ ရက်က ပြည်ထောင်စုအစိုးရထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ဟိန္ဒားသတ္တုမိုင်းအား ဆက်လက်လုပ်ကိုင်ခွင့်ပြု၊ မပြုကို မူ ပြည်ထောင်စု အစိုးရကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရက ၎င်းတို့ တိုင်းအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်အရ လုပ်ဆောင်ရာ၌ မြေပြင်အခြေအနေတွင် အဆင်မပြေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေအောင် လုပ်ဆောင် မည်ဆိုပါက ၎င်းတို့အနေဖြင့် ကန့်ကွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက မီဒီယာများကို ပြောကြားထားသည်။

 

 


READ NEXT
Cancel OK