Top News

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်မှုနှင့် ပတ်သက်၍ လေးလကျော်သည်အထိ အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် မထွက်ပေါ်သေးသဖြင့် ကျောင်းသားများက သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒပြ
24htopnews | September 17, 2024 2:12 PM CST

မန္တလေးတက္ကသိုလ်အတွင်း  Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ လေးလကျော်သည်အထိ သက်ဆိုင်ရာ၏ အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းမှစ၍ တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ်စခန်းဖွင့် တောင်းဆိုဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မန္တလေးတက္ကသိုလ်အတွင်း စားသောက်ဆိုင်တန်း ဆောက်လုပ်ရာတွင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများကို ချိုးဖောက်၍ တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ Oriental House အား ဆောက်လုပ်ခွင့်ပြုပေးခဲ့ခြင်းကြောင့် ပွင့်လင်းမြင်သာမှုမရှိသဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာက တောင်းဆိုချက်ခုနစ်ချက်ဖြင့် ကျောင်းသားများက သပိတ်မှောက်တောင်းဆိုခဲ့ရာ ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့သော်လည်း လေးလကျော် ကြာမြင့်လာချိန်အထိ အပြီးသတ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးသဖြင့် ဇန်နဝါရီ ၉ ရက်တွင် ယခုလို သပိတ်စခန်းပြန်လည်ဖွင့်၍ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားများက ပြောကြားသည်။

“မန္တလေးတက္ကသိုလ် Food Court ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကျောင်းသားတွေက ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် သပိတ်စမှောက်ခဲ့တယ်။ ကျွန်တော်တို့ သပိတ်မှောက်လိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေက စက်တင်ဘာလထဲမှာပဲ လုပ်ခဲ့တယ်။ အခုက ၂၀၂၀ ခုနှစ် ဇန်နဝါရီလထဲကို ရောက်နေပြီ။ အဲဒီစုံစမ်းစစ်ဆေးမှုရလဒ်က အပြီးသတ်ရလဒ်အနေနဲ့ ထွက်ပေါ်လာခြင်း မရှိသေးဘူး။ အခု အချိန်လေးလကျော်ဆိုတာက စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပြီးသတ်ရလဒ်ထွက်ပေါ်သင့်ပြီလို့ ကျွန်တော်တို့က ယုံကြည်ထားတယ်။ အခု ပညာရေးဝန်ကြီးဌာနကလည်း အချိန်ဆွဲ ဘက်လိုက်နေတာတွေ ရှိတဲ့အတွက် အဲဒီ စုံစမ်းစစ်ဆေးပြီးဖြစ်တဲ့ရလဒ်ကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့အတွက် ဒီနေ့မှာ ပြန်ပြီးတော့ သပိတ်ပြန်ထိုင်တာဖြစ်ပါတယ်။ အဲဒီလို အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် မရမချင်း သပိတ်စခန်းဖွင့်သွားမယ်။ အခု တက္ကသိုလ်ရဲ့ ပင်မဆောင်ရှေ့မှာ သပိတ်စခန်းစဖွင့်လိုက်ပါပြီ” ဟု မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဝေယံထက်က ပြောကြားသည်။

ကျောင်းသားများ၏ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင့်ထွန်းအောင်က “သူတို့တွေလုပ်တာနဲ့ ပတ်သက်ပြီး ဆရာတို့ကတော့ သဘောထား မပြောလိုဘူး။ ဘာကြောင့်ဆို အားလုံးက ကိုယ့်ခံစားမှုနဲ့ ကိုယ်ရှိကြတာပဲလေ။ နှောင့်နှေးတာတွေ၊ မြန်တာတွေ ဆရာတို့လည်း မသိဘူး။ ဆရာတို့ကလည်း ဆရာတို့အလုပ်ကို ဆရာတို့လုပ်နေတာပါ။ ဒီအပေါ်မှာ ဘာသဘောထားမှ ဆရာတို့က မပြောလိုပါဘူး။ ဆရာတို့ကိုယ်တိုင်လည်း အဲဒီဟာရဲ့ ရလဒ်ကို စောင့်နေတာပဲ” ဟု ပြောကြားသည်။

မန္တလေးတက္ကသိုလ်အတွင်း  Food Court ဆောက်လုပ်မှုနှင့်ပတ်သက်၍ သပိတ်မှောက် ဆန္ဒထုတ်ဖော်ရာတွင် နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော မန္တလေးတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ်အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ဘက်လိုက်သော ဖြေရှင်းမှု အလိုမရှိ၊ မှန်ကန်မျှတသော အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ် အမြန်ဆုံး ထုတ်ပြန်ပေးရေး အစရှိသည့် တောင်းဆိုချက်များဖြင့် မန္တလေးတက္ကသိုလ်အတွင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တက္ကသိုလ်ပင်မဆောင်ရှေ့၌ သပိတ်စခန်းဖွင့် ဆက်လက်တောင်းဆိုလျက်ရှိကြောင်း သိရသည်။

အပြီးသတ် စုံစမ်းစစ်ဆေးမှုရလဒ် မထုတ်ပြန်မချင်း သပိတ်စခန်း ဆက်လက်ဖွင့်လှစ်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများက ပြောကြားသည်။

မန္တလေးတက္ကသိုလ်အတွင်းရှိ  Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောက်လုပ်ရာတွင် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်များနှင့် တည်ဆဲဥပဒေများအား လိုက်နာဆောင်ရွက်ခြင်း မရှိဟုဆိုကာ ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျောင်းသားများက သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုကြောင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် သပိတ်ခေတ္တရပ်နားထားခဲ့ပြီးနောက် အဆိုပါ စုံစမ်းစစ်ဆေးမှုရလဒ်မှာ လေးလကျော်သည်အထိ အပြီးသတ်ရလဒ်ကို ထုတ်ပြန်ပေးခြင်းမရှိသေးသဖြင့် ကျောင်းသားများက  ဇန်နဝါရီ ၉ ရက်တွင် ထပ်မံသပိတ်မှောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK