Top News

ကချင်ပြည်နယ်၌ ကျေးရွာပေါင်း ၂၃၀၀၀ ကျော်အနက် ထက်ဝက်ကျော်အထိ လျှပ်စစ်မီးရရှိနေပြီဟု သိရ
24htopnews | September 17, 2024 2:12 AM CST

ပြီးခဲ့သည့် ခုနစ်နှစ်က ကချင်ပြည်နယ်သည် လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်သာ ရရှိခဲ့သော်လည်း လက်ရှိတွင် ၄၃ မဂ္ဂါဝပ်အထိ ရရှိခဲ့ပြီး ကျေးရွာပေါင်း ၂၃၀၀၀ ကျော်အနက် ထက်ဝက်ကျော်အထိ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဇန်နဝါရီ ၉ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း (၅၅ ဒသမ ၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၁၃ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၄၃ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ကြောင်း ၊ လက်ရှိ ကချင်ပြည်နယ် ခရိုင်လေးခုအတွင်းရှိ  မြို့ ၃၀ မှာ လျှပ်စစ်ဓာတ်အားများ ရရှိနေပြီး ကျေးရွာပေါင်း ၂၃၁၄ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၁၃၁၄ ရွာသည် လျှပ်စစ်ဓာတ် ရရှိသုံးစွဲနေကြပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း အိမ်စုအရေအတွက် စုစုပေါင်း ၂၆၉၃၆၅ ရှိရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိမ်ထောင်စု ၁၄၄၁၂၂ စုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီးဖြစ်သည့်အတွက် Electrification Ratio ၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း ၆၉ ရွာအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK