Top News

■ မြောက်ဦးဆရာတော်က ရေဘေးသင့်သူများအတွက် အလှူငွေ ကျပ်သိန်း ၃ဝဝ ထပ်မံ မတည်လှူဒါန်း
24htopnews | September 16, 2024 5:13 PM CST

 

မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌဌာနာစရိယ)က ရေဘေးသင့် သူများအတွက် ဒုတိယအကြိမ်အဖြစ် ကျပ်သိန်း ၃၀၀ ထပ်မံ မတည်လှူဒါန်းကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ဆရာတော်၏ Facebook Page တွင် ကြေညာထားမှုအရ သိရသည်။

ယခုထပ်မံလှူဒါန်းသည့် ကျပ်သိန်း ၃၀၀ သည် ပဲခူးတိုင်းဒေကြီး တောင်ငူ၊ ထန်းတပင်၊ ရေတာရှည်မြို့များရှိ ရေဘေးသင့်သူများအတွက် ဖြစ်ကြောင်းသိရသည်။

မြောက်ဦးဆရာတော်က ရေဘေးသင့်သူများအတွက် ပထမအကြိမ် အလှူငွေကျပ်သိန်း ၁ဝဝဝ မတည် လှူဒါန်းခဲ့ပြီး ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများကလည်း ရေဘေးသင့်သူများအတွက် အလှူငွေများကို ဆရာတော်ထံ  လှူဒါန်းလျက်ရှိသည်ကိုတွေ့ရသည်။

ဆရာတော် ဦးဆောင်ပြီး ဒါယကာ၊ ဒါယိကာမများ၏ ရေဘေးသင့်သူများထံ လှူဒါန်းမှုများအားဆရာတော်၏ တပည့်ဆရာတော်များဖြစ်သည့် ဦးဇဝန(မန္တလေး)၊ ဦးဥတ္တရဝံသ(ရန်ကုန်)တို့ ဦးဆောင်၍ စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

"မြောက်ဦးဆရာတော်၏သက်တော်(၆၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာပြည် ရေဘေးဒုက္ခသည်များအား မိမိစွမ်းဆောင်နိုင်တဲ့နေရာက နိုင်ငံရပ်ခြားကြွရောက်နေပေမဲ့..အထူးမေတ္တာ ကရုဏာရှေ့ထားလျက်.အထက်မြန်မာပြည်မန္တလေးတပည့်များအားညွန်ကြားကာ ပထမအကြိမ်အကြိမ်သိန်း(၁၀၀၀)လှူဒါန်းပြီး၊ ခုအောက်မြန်မာပြည် ပဲခူးတိုင်း တောင်ငူ၊ ထန်းတပင်၊ ရေတာရှည်မြို့များအတွက် ဒုတိယအကြိမ် ရန်ကုန်တပည့်များမှတဆင့် သိန်း(၃၀၀)လှူဒါန်းမှု့ကို အများသာဓုခေါ်ဆိုနိုင်ကြပါစေ။ ဤကုသိုလ်သည် အရဟတ္တမဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ရပါလို၏။ ရန်ကုန် ပုလဲကျောင်းမှတဆင့်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။ဘဝသက်သာရာရရှိကြပါစေဟုဆန္ဒပြုလျှက်"ဟု ဆရာတော်၏ Facebook Page တွင် ရေးသားထားသည်။

မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒသည် လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိ သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

အလားတူ မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒကလည်း အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်ပြီး ရေဘေးသင့်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ရေဘေးသင့်သူများအတွက် ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးထံ အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

■Photo-မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ Facebook Page

■ Eleven Website: https://news-eleven.com

■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11

■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11

■ Eleven Telegram Channel : https://t.me/elevenmediagroup

■ Eleven Viber : https://vb.me/elevenmediagroup


READ NEXT
Cancel OK