Top News

မိုးရာသီတွင် သတိပြုရမည့် မြေပြိုမှုအန္တရာယ်
24htopnews | September 15, 2024 8:12 PM CST

ရာသီဥတုပြောင်းလဲခြင်း၊ ဖောက်ပြန်ခြင်း၊ လူတွေရဲ့ပယောဂတွေကြောင့် လူသားတွေ အနေနဲ့ မြေငလျင် လှုပ်ခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီး ရေလျှံခြင်း၊ မြေပြိုခြင်း အစရှိတဲ့ သဘာဝဘေးဒဏ်၊ သဘာဝဘေး အန္တရာယ်တွေကို နှစ်စဉ် တွေ့ကြုံခံစား နေကြရပါတယ်။

မွန်ပြည်နယ်အတွင်းမှာဆိုရင် မှတ်မှတ်ရရ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတာတွေ များစွာ ရှိခဲ့ပါတယ်။

ရေကြီးရေလျှံမှုတွေအပြင် လေပြင်းတိုက်ခတ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း အန္တရာယ်ကလည်း ရှိခဲ့ပါသေးတယ်။ လေပြင်းတိုက်ခတ်ခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်းတွေကြောင့်လည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ များစွာ ပျက်စီး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ ကျက်သရေဆောင်စေတီတော်ကြီးတစ်ဆူဖြစ်တဲ့ ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော် မြတ်ကြီးရဲ့အရှေ့ဘက်နဲ့ အနောက်ဘက် စောင်းတန်းတွေရဲ့အနီးမှာ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့ပြီးတော့ သာသနိက အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ရပါတယ်။

အဲဒါအပြင် ချောင်းဆုံမြို့နယ် နဲ့ပေါင် မြို့နယ်အတွင်းမှာလည်း မြေပြိုမှုတွေဖြစ်ပွား ခဲ့ပြီးတော့ ဘုန်းတော်ကြီးကျောင်းတချို့ပျက် စီးမှုတွေဖြစ်ပွားခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာလည်း မွန်ပြည်နယ်အတွင်းမှာ လေပြင်းတိုက်ခတ်ခြင်း၊ ရေ ကြီးရေလျှံခြင်းနဲ့ မြေပြိုခြင်း အစရှိတဲ့သဘာဝ ဘေးဒဏ်ကို ပြည်သူလူထုတွေအနေနဲ့တွေ့ ကြုံခံစားခဲ့ရပါသေးတယ်။

အဲဒီလို သဘာဝဘေးဖြစ်စဉ်တွေထဲမှာ မှ မွန်ပြည်နယ်မှာ အဆုံးရွားဆုံး သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက် နံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရတဲ့ ပေါင်မြို့နယ် သဲဖြူကုန်းကျေး ရွာမှာရှိတဲ့ မလတ်တောင်ပြိုကျမှု ဖြစ်စဉ်ဖြစ်ပါတယ်။

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ ရှိတဲ့ အမြင့်ပေ ၃၀၀ ခန့်ရှိတဲ့ မလတ်တောင် ပြိုကျမှုဖြစ်စဉ်ကြောင့် လူနေအိမ် ၂၇ လုံး ခန့်နဲ့ မော်တော်ယာဉ် ၁၀ စီးခန့်မြေဖုံးလွှမ်းပျက်စီးခဲ့တဲ့အပြင် လူ ၄၀ ကျော် ထိခိုက်ဒဏ် ရာရှိခဲ့ပြီးတော့ လူပေါင်း ၇၀ ခန့် သေဆုံးခဲ့ တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။

မလတ်တောင်မြေပြိုကျမှုကြောင့် ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁၈၄/၅ နဲ့ ၁၈၄/၆ ကြား လမ်းမပေါ် သို့မြေသားထု နှစ်ပေခန့် ဖုံးလွှမ်းခဲ့ပြီးတော့ ကျောက်တုံးကြီးတွေလည်း လိမ့်ကျခဲ့ပါသေး တယ်။ ကားလမ်းပေါ်အောင် နေ့ချင်းပြီး ဆောင်ရွက်နိုင်ခဲ့ပေမဲ့လည်း ရှာဖွေရေးလုပ် ငန်းတွေကို သြဂုတ် ၁၈ ရက်အထိ ဆောင် ရွက်ခဲ့ရပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မလတ်တောင် မြေပြိုကျရခြင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ပြတ်ရွေ့အက် ကြောင်းများအတွင်း ရေဝင်ခြင်း၊ တောင်စောင်း အငိုက်ထောင့်များခြင်း စတဲ့ အချက်များကြောင့် ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ထားကြောင်း (ထိုစဉ်က) မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက စက်တင်ဘာ ၁၉ ရက်က ပြု လုပ်ခဲ့တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) က ပြောကြားခဲ့ပါတယ်။

ထို့ပြင် မလတ်တောင်၏ အပေါ်ဘက် တွင်မာ၍ ထူသောသဲကျောက်များရှိပြီး အောက်တွင် ထမ်းထားရသော ရွှံ့စေး ကျောက်သည် ရာသီဥတုဒဏ်ခံစားထားရ ခြင်းနှင့် အပေါ်မှလေးသော သဲကျောက်များ ကို ဆက်လက် မထမ်းထားနိုင်တော့ခြင်းတို့ ကြောင့်လည်းကောင်း၊ မိုးများ၍ မြေအောက် ရေခိုအောင်းမှုများပြီး  ရွှံ့၊ ကျောက်နှင့် သဲမှုန် ကျောက်များသည် နူးအိပျော်ဝင်ကာ ချောဆီ သဖွယ်ဖြစ်နေ၍လည်းကောင်း၊ ကျောက်တုံး ကြီးများနှင့် မြေစာများ အစုအပုံအလိုက် တောင်စောင်းအတိုင်းအောက်ဘက်သို့ မြေ ပြိုဆင်းရခြင်းဖြစ်ကြောင်း၊ မလတ်တောင် မြေပြိုကျမှုအတိုင်းအတာမှာ အလျား ၁၁၀ မီတာ၊ အနံ ၇၀ မီတာ၊ အမြင့် ၃၀ မီတာခန့် ဖြစ်ကြောင်းနှင့် မြေအောက်ရေအလွန် အကျွံများနေ၍ မြေပြိုကျမှုတွင် ရေအားနှင့် တွန်းသကဲ့သို့အဝေးသို့ရောက်ရှိဖုံးလွှမ်းသွား ခြင်း၊ ရွှံ့နွံပြင်ဖြစ်၍ လူနှင့် တိရစ္ဆာန်များ နစ် မြုပ် သေကျေပျက်စီးဆုံးရှုံးမှုများရခြင်းဖြစ် ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုပါ တယ်။

ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များက မလတ်တောင် မြေပြိုမှုဖြစ်ပွားရတဲ့ အ ကြောင်းရင်းနဲ့ပတ်သက်လို့ ဆင်ခြေလျှော အနေအထားများ မြင့်မားမတ်စောက်နေ ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆင်ခြေ လျှောများတွင် အောင်းရေမြင့်တက်လာခြင်း၊ သဲဖြူကုန်းမြေပြိုမှုဒေသ အောက်ခံကျောက် သားအခြေအနေ၊ ဘူမိဗေဒ အနေအထား၊ နောက် လူတို့ရဲ့ ပယောဂကြောင့် မြေမတည် ငြိမ်အောင် ဆောင်ရွက်မှုများ စတဲ့အချက် တွေကြောင့် မလတ်တောင်ပြိုကျမှုဖြစ်ပွားခဲ့ တယ်လို့ သုံးသပ်ထားကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားခဲ့ပါတယ်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ တောင် တန်းများအား သယံဇာတနှင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဖွဲ့ စည်းတာဝန်ပေးအပ်ထားသည့် ဘူမိဗေဒ ကျွမ်းကျင်သည့် နည်းပညာရှင်များပါဝင် သောအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးထားပါ ကြောင်း၊ ယင်းအဖွဲ့၏ လေ့လာတွေ့ရှိချက် များအရ ပေါင်မြို့နယ်အတွင်း မြေပြိုမှုဖြစ် ပွားခဲ့သည့် နေရာ ၁၄ နေရာတွင် နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်သည့် အလားအလာ များရှိကြောင်း၊ ထို့ပြင် နောက်ထပ် ၂၁ နေ ရာ၌ မြေပြိုကျမှုဖြစ်ပွားနိုင်သည့် အလားအ လာများလည်း တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြု ချက်များအပေါ် ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ ပြောင်းရွှေ့စေခြင်း စသည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြည်နယ်လွှတ် တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မြေပြိုမှုနဲ့ပတ်သက်လို့ မော်လမြိုင် တက္ကသိုလ် ဘူမိဗေဒဌာနမှာ လက်ထောက် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့  ဆရာဦးဇော်ထွေးက မြေပြိုခြင်း (Landslide) မှာ သဘာဝဘေးအန္တရာယ် (Natural Hazard ) တစ်ခုဖြစ်ပြီး ငလျင်လှုပ်ခြင်း (Earthquake)၊ မိုးသည်းထန်စွာရွာသွန်းခြင်း (Heavy Rainfall )၊ မြေဆီလွှာတိုက်စားခံရ ခြင်း (Soil Erosion) နှင့် မီးတောင်ပေါက်ကွဲ ခြင်း (Volcanic Eruption) စတဲ့ သဘာဝ ဘေးအန္တရာယ်များနှင့် ဆက်စပ်ဖြစ်ပေါ်လေ့ ရှိကြောင်း ပြောပါတယ်။

ထို့ပြင် တချို့လူလုပ်သော အရာများ ဖြစ်သည့် စွန့်ပစ်မြေစာပုံခြင်း (Soil piled)၊ တောင်များ၏ တောင်ခြေကို တူးဆွ၍ မြေ ထုတ်ယူခြင်း (Soil Excavation) တို့ကြောင့် လည်း မြေပြိုခြင်း ဖြစ်လေ့ရှိကြောင်းနှင့် မြေ ပြိုခြင်းဖြစ်ပွားရာမှာ ကမ္ဘာမြေကြီး၏ ဆွဲအား သည်လည်း အဓိကအခန်းကဏ္ဍမှာ ပါဝင် ကြောင်း ဆိုပါတယ်။

မြေပြုခြင်း ဖြစ်တတ်သောနေရာများ (Landslide Prone Areas) နှင့် ပတ်သက်ပြီး ဆရာဦးဇော်ထွေးက “ရာသီဥတုခန့်မှန်းချက် အရ အခုနှစ်မိုးရာသီမှာ မိုးသည်းထွန်စွာ ရွာသွန်းမှုများ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ကို လူတွေနေထိုင်တဲ့ နေရာတွေနဲ့နီးတဲ့ တောင်စောင်းတွေမှာ သစ်တောပြုန်းတီးခြင်း (Deforestion)  ကြောင့် တောင်ကျရေအရှိန် အဟုန်နဲ့ စီးဆင်းတတ်တဲ့နေရာတွေ၊ မိုးရေ ကြောင့် ရေနူးနေတဲ့မြေနဲ့ ဆွေးမြည့်ကျောက် စကျောက်နများရှိတဲ့ တောင်ကုန်းတောင် စောင်းအောက်ခြေနေရာတွေ၊ တောင် အောက်ခြေကို မြေနေရာတိုးခဲ့ဖို့နဲ့ မြေသာ ဖဲ့ရောင်းဖို့ တူးဆွထားတဲ့နေရာတွေ၊ မြေသား နံရံများများကို ဖြိုဖျက်ပြီး မြေထိန်းနံရံ (Retaining Wall) တွေကို စနစ်တကျပြုလုပ်ထားခြင်းမရှိတဲ့နေရာတွေ၊ အဆောက်အအုံ တွေဆောက်လုပ်ထားတဲ့ ကမ်းပါးအစွန်း နေရာတွေ စတဲ့နေရာတွေက မြေပြိုခြင်း (Landslide)  ဖြစ်စေတတ်တဲ့ နေရာတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြေပြိုကျမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတချို့နဲ့ပတ်သက်ပြီးတော့ ရှောင်ရှားခြင်း နည်းလမ်းများ (Landslide Avoidance))၊ ဆင်ခြေလျှော အထက်မှအောက်သို့ တွန်းချ အားကို လျော့နည်းအောင်ပြုလုပ်သော နည်း လမ်း (Modifying Slope Geometry)၊ လျှော ကျမှုကိုဖြစ်စေသော ပြန်လည်ခုခံအားကို တိုး  တက်အောင် ပြုလုပ်ခြင်းနည်းလမ်း၊ ဥပမာ ပိုင်ရိုက်ခြင်း၊ မြေထိန်းနံရံများ တည်ဆောက် ခြင်း (Installing Structures Such As Piles and Retaining Walls))၊ မြေမျက်နှာပြင်နှင့် မြေအောက်ရေဆင်းစနစ်ကို စနစ်တကျပြု လုပ်ခြင်း (Rerouting Surface and Un-derwater Drainage)၊ သစ်ပင်၊ မြက်ပင်များ ကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်းနှင့် ဆင်ခြေလျှော (Slope) ကို ကာကွယ်ပေးသော အပင်များကို ရွေးချယ်စိုက်ပျိုးခြင်းများကို ပြုလုပ်သင့်ကြောင်းကို အကြံပြုလိုပါကြောင်း ဆရာဦးဇော်ထွေး က ဆက်လက်ပြောကြားပါ တယ်။

မကြာခင်အချိန် ကာလအတွင်းမှာလည်း မိုးရာသီကို ဝင်ရောက်တော့မှာဖြစ်တဲ့အတွက်ကို  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်လာမယ့် ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နဲ့ မြေပြိုနိုင်တဲ့ နေရာဝန်းကျင် မှာနေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ကလည်း အထူးသတိပြုပြီး နေထိုင်ကြဖို့လိုအပ်သလို ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ၊ သဘာဝဘေးဖြစ်ပေါ်လာပြီးဆိုပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး လုပ်ဆောင်နိုင်ဖို့အတွက်ကို ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်ထားသင့်ကြောင်းကို အကြံပြု  တိုက်တွန်းလိုပါတယ်။                          


READ NEXT
Cancel OK