Top News

လစာဖြတ်တောက်မှုများခြင်း၊ နှစ်ကြေးမရခြင်း၊ စက်ချုပ်အပ်များ ကိုယ်တိုင်ဝယ်ရခြင်းများ ရှိဟုဆိုကာ ဇေကမ္ဘာဝန်းအတွင်းရှိ JW စက်ရုံအလုပ်သမား ၂၀၀၀ ကျော် ဆန္ဒထုတ်ဖော်
24htopnews | September 14, 2024 5:12 PM CST

လစာဖြတ်တောက်မှုများခြင်း၊ နှစ်ကြေးမရခြင်း၊ စက်ချုပ်အပ်များ ကိုယ်တိုင်ဝယ်ရခြင်းများရှိဟုဆိုကာ ဇေကမ္ဘာဝန်းအတွင်းရှိ JW စက်ရုံအလုပ်သမား ၂၀၀၀ ကျော် ဇူလိုင် ၇ ရက်က ဆန္ဒထုတ်ဖော် ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် အချက် ခုနစ်ချက်ဖြင့် ဆန္ဒထုတ်ဖော်နေပြီး ညနေပိုင်းအထိ ညှိနှိုင်းနေကြဆဲဖြစ်ကြောင်း သွားရောက်ကူညီပေးသည့် အလုပ်သမား ကိုယ်စားလှယ် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ပြန်လာတဲ့ ညနေအထိကတော့ ညှိနှိုင်းနေကြတုန်းပါပဲ။ စက်ရုံဘက်ကလည်း အလုပ်သမားတွေ ဆန္ဒထုတ်ဖော်ရတဲ့ အချက်တွေကို မလိုက်လျောပေးပဲ ဖြေရှင်းချက်တွေပဲ ပေးနေတယ်လို့ သိရတယ်။ အဲဒီအတွက် မပြေလည်သေးပဲ ဆက်လက်ညှိနှိုင်းနေကြပါတယ်” ဟု ယင်းအလုပ်သမားကိုယ်စားလှယ်က ပြောကြားသည်။

အလုပ်သမားများ ဆန္ဒထုတ်ဖော်ရသည့် အချက်များမှာ လုပ်သက်ဆုကြေး၊ OT ကြေးလက်ငင်း ရှင်းပေးရန်၊ အလုပ်ပျက်လျှင် ငွေမတရားဖြတ်ခြင်းများ၊ လုပ်ငန်းခွင်အတွင်း ဆူ၊ ဆဲ၊ မတရားပြော ဆိုခြင်း၊ လိုင်းထဲတွင် ဆဲခြင်း၊ မန်နေဂျာမှ ရုံးခန်းတွင် ခေါ်ဆူခြင်းများ၊ ရက်စားဆင်းခိုင်းခြင်း၊ လစာ ဖြတ်တောက်မှုများခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်မရခြင်း၊ နှစ်ကြေးမရခြင်း၊ အခြေခံလစာကို တိုးပေးမည်ဟု ဂတိပေးထားပီး မတိုးပေးခြင်း၊ စက်ချုပ်အပ်ကို အလုပ်သမားငွေမှဝယ်ယူရခြင်း စသည့် အချက်များဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ JW စက်ရုံတွင် CRIVIT တဆိပ်နှင့် အခြား Brands များ ချုပ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးပေ။


READ NEXT
Cancel OK