Top News

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်း မြို့တွင် ရေကြီးမှု ဖြစ်ပွား
24htopnews | September 14, 2024 5:12 PM CST

ကချင်ပြည်နယ် ၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသက နန့်မွန်းမြို့မှာ  ဇူလိုင် ၈ ရက်နေ့က  ရုတ်တရက် စံချိန်တင် ရေကြီးခဲ့ကြောင်း မြိုခံများက ဆိုပါသည်။ 

ဇူလိုင် ၇ ရက်ညပိုင်းကတည်းက မိုးစတင်ရွာသွန်းခဲ့ခြင်းဖြစ်ပြီး နေရာကွက်၍ မိုးကြီးခဲ့သည့် အခြေအနေဖြစ်ပြီး နန့်မွန်းချောင်းရေမှာ မနက် အစောပိုင်းမှ စတင်၍ရုတ်တရက် တက်လာခဲ့ပြီး မိုးလင်းခါနီးတွင် စံချိန်တင် ရေမြင့်တက်ခဲ့ကြောင်း၊ မူလချောင်းလမ်းကြောင်းအတိုင်းသာမက နန့်မွန်းမြို့အတွင်း မြေနိမ့်ပိုင်းနေရာများတွင် ရေစီးကြောင်း ပြောင်းလဲကာ ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နန့်မွန်းမြို့ခံ ဦးဆန်းလင်းစိုးက '' ရေက စံချိန်တင် ကြီးတာပါ ။ နန့်မွန်းမြို့ တံတားကို ထိတဲ့နှစ်ဆိုတာ မရှိခဲ့ဘူး။အခုထိတယ်။မြေတွေဖို့ကြတယ်။ရေလမ်းကြောင်းတွေ ပြောင်းသွားတယ်။ အနိမ့်ပိုင်းအားလုံးထိတာပဲ။ ကယ်ဆယ်ကုန်းဆိုရင် အားလုံးမြုပ်သွားတယ် ။ရေကြီးတဲ့အကြောင်းတွေထဲမှာနန့်မွန်းချောင်းကို ကျောက်ထုတ်တယ်။ နန့်မွန်း-ဟိုပင်လမ်းလုပ်တော့ တောင်မြေစာတွေကို နီးစပ်ရာ ချောက်ထဲပဲ သွန်ချခဲ့တော့ အဲဒါတွေ ရေစီးနဲ့အတူ မျှောပါပြီး ချောင်းက ကောလာလို့ ရေတက်တာပဲ ။ဟိုးယခင်တုန်းက ဒီလောက် ရွာပါတယ်''ဟု ပြောကြားသည်။ယခုရေကြီးမှုကြောင့် မြို့တွင်းလမ်းအချို့ ရေတိုက်စားခံရမှုများ ရှိခဲ့ပြီး နေအိမ်အချို့လည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းအခြေစိုက် မိုးလေဝသနှင့် ဇလဗေဒဌာနက မိုးညှင်းမြို့တွင် ၀ ဒသမ ၁၅ လက်မသာရှိပြီးနန့်မွန်းမြို့ဝန်းကျင်တွင် နှစ်လက်မ ဝန်းကျင်သာ ရှိနိုင်ကြောင်း ဦးသန်းဝင်းက ဆိုပါသည်။ယင်းက ''နေရာကွက်ပြီး မိုးကြီးတာပေါ့။ အချိန်တိုအတွင်း မိုးကြီးလိုက်တော့ တောင်ကျရေကြီးတာပေါ့။ဒီနှစ်အတွင်းမှာ ကချင်ပြည်နယ်တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းက ထူးထူးကဲကဲကို မိုးကောင်းနေတာ။ မိုးရွာသွန်းမှုက ပျှမ်းမျှထက် ၄၀ ရာခိုင်နှုန်းများနေတယ်။ကမ္ဘာ့ရာသီပြောင်းလဲခြင်း Climate Change ရဲ့ သက်ရောက်မှုတွေလည်း ပါတာပေါ့ဗျာ။ ဒေသခံတောင်သူတွေ နွေရာသီတုန်းက ပဲပုတ်တွေ၊မြေပဲခင်းတွေ မသိမ်းလိုက်ကြရတော့ဘူး''ဟု ပြောကြားသည်။

လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင်တစ်နာရီအတွင်း မိုးရေချိန်လက်မ ၃ ဒသမ ၈၂ လက်မ စံချိန်တင်ရွာသွန်ခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့ကလည်းမိုးညှင်းမြို့တွင် ငါးနာရီအတွင်း မိုးရေချိန် ၅ ဒသမ ၃၁ လက်မအထိ ရွာသွန်းခဲ့ပြီး ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်တွင် ၊ပုံမှန် မိုးရွာသွန်းမှာ ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန်လကုန်အထိ မိုးရေချိန်လက်မ၂၃ ဒသမ ၈၁ လက်မသာ ရှိသော်လည်း ယခုနှစ်တွင် ယနေ့အချိန်အထိ ၄၄ ဒသမ ၂၁ အထိ ရွာသွန်းထားပြီးဖြစ်ကြောင်း မိုးညှင်းအခြေစိုက် မိုလေဝသနှင့် ဇလဗေဒရုံးမှတ် တမ်းများအရ သိရသည်။

 


READ NEXT
Cancel OK