Top News

ဧရာဝတီတိုင်းအတွင်း တည်ဆောက်ပြီး အသုံးပြု၍မရရှိခဲ့သည့် ရထားလမ်းပိုင်းများအား ပုသိမ်စက်မှုမြို့တော်တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် လုပ်ဆောင်မည်
24htopnews | September 14, 2024 2:12 PM CST

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်အစိုးရများလက်ထက်၌ တည်ဆောက်ခဲ့ပြီး အသုံးပြု၍ မရရှိခဲ့သည့် ရထားလမ်းပိုင်းများကို ပြုပြင်အဆင့်မြှင့်တင်ကာ ပုသိမ်မြို့ ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွင်း တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်သည့် ရထားလမ်းပိုင်း တည်ဆောက်၍ တိုင်းအတွင်းရှိ စိုက်ပျိုးရေး ထုတ်ကုန်များအား အခြားဒေသများသို့ ပို့ဆောင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်အချို့ သို့နေ့စဉ်ပြေးဆွဲနေသည့် မီးရထားခရီးစဉ်များမှအပ အခြားသော တိုင်းနှင့်ပြည်နယ်များသို့ ချိတ်ဆက်ထားနိုင်ခြင်း၊ ပြေးဆွဲနိုင်ခြင်းမရှိသည့် မီးရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ကာ လက်တွေ့အသုံးချနိုင်သည့် မီးရထားလမ်းများဖြစ်စေရန် ဆောင်ရွက်နေကြောင်း၊ အိမ်မဲ- စက္ကော့ရထားလမ်းပိုင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်း မီးရထားလမ်းပိုင်းများကို အဆင့်မြှင့်တင်ပြီးနောက် ပုသိမ်မြို့တွင် လုပ်ဆောင်နေသည့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း၌ တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းသို့ မီးရထား လမ်းပိုင်းသွယ်တန်းနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များကို မီးရထားဖြင့် တင်ဆောင်ကာ ရေနက်ဆိပ်ကမ်းမှတစ်ဆင့် အခြားသောဒေသများသို့ ပို့ဆောင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ တိုင်းထဲမှာ ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်းတွေရှိတာပေါ့ ။ လမ်းပိုင်းတွေရှိတဲ့အခါကျတော့ မနှစ်က ဆိုလို့ရှိရင်တော့ ဟင်္သာတ-ပုသိမ် လမ်းပိုင်းမှာရှိတဲ့ ဒါးကနားက ရေကျော်တဲ့ဟာကိုတော့ အဆင့်မြှင့်တင်ထားတာ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ ဒီလမ်းတွေမှာ ရထားက သွားတဲ့မိုင်နှုန်းက အများဆုံး မိုင် ၂၀ တစ်နာရီကို မိုင် ၂၀ နှုန်း ပတ်ချာလည် လောက်ရှိတယ်။ ဒါတွေက တွဲရောရထားလမ်းရော မူတည်ပါတယ်။ သို့သော်လည်းပဲ ဒါတွေနဲ့ပတ်သက်ပြီးတော့ အဆင့်မြှင့်တင်နိုင်အောင်လို့လည်း ပြည်ထောင်စုကို ကျွန်တော်တို့ တောင်းဆိုထားတာရှိပါတယ်။ ပြည်ထောင်စုဝန်ကြီးဆီကိုပါ။ သူတို့လည်း စဉ်းစားပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းရာနဲ့ချီပြီးတော့ ဒီပုသိမ်နဲ့ ဟင်္သာတ ကြံခင်းလမ်းပိုင်းက အခုချိန်ထိလည်း ခရီးသည်တွေက သွားနေတုန်းပဲ။ နောက် ရထားပို့ဆောင်ရေးကလည်း အရင်တုန်းက တကယ်ကို ကောင်းခဲ့တာပေါ့နော်။ လောလောဆယ်တော့ ကားလမ်းနဲ့ပဲ သွားနေကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အများကြီးစဉ်းစားရပါသေးတယ်။ သို့သော်လည်းပဲ တကယ်လို့များ တစ်နာရီ  ၃၅ မိုင် ၄၀ နှုန်းလောက်ဆိုရင် ခရီးသွားမယ့်အချိန်ကို တစ်ဝက်ချုံ့နိုင်တာပေါ့ ။ အဓိကတော့ ကုန်စည်စီးဆင်းမှုကျတော့ ရထားကပိုပြီးတော့ သက်သာတယ်၊ ပိုပြီးတော့မြန်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ စဉ်းစားထားတာရှိတာပေါ့နော်။ စဉ်းစားထားတာက အိမ်မဲ-စက္ကော့- လှိုင်သာယာ ရထားလမ်းပိုင်းရှိတယ်၊  နောက်ပြီးတော့ လှိုင်သာယာ-ဟင်္သာတ ရထားလမ်းပိုင်း ရှိတယ်။ ဒါတည်ဆောက်ခဲ့တဲ့ဟာတွေ အိမ်မဲစက္ကော့လမ်းပိုင်းက ပြီးတော့မပြီးသေးဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က ဘယ်လိုစဉ်းစားလို့ရသလဲဆိုရင် ငဝန်မြစ်ထဲမှာ River Port လုပ်မယ့် အစီအစဉ်တွေရှိတယ်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ အိမ်မဲ- စက္ကော့ ရထားလမ်းပိုင်းကို River Port နဲ့ ချိတ်လိုက်မယ်ဆိုလို့ရှိရင် ဘာပဲပြောပြော ကုန်စည်တွေက စိုက်ပျိုးရေးထွက်ကုန်တွေက စက်မှုဇုန်ထဲကို ပို့လိုက်နိုင်မယ်ဆိုရင် စက်မှုဇုန်ကနေ တိုက်ရိုက်အပြင် သီလဝါပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် လုပ်လို့ရမယ်ဆိုရင် ဒီရထားလမ်းပိုင်းတွေက ပြန်ပြီးအသုံးချလို့ရတာပေါ့။ ဒါကတော့ ကျွန်တော်တို့ စဉ်းစားထားတဲ့ အရာပေါ့။ ပြည်ထောင်စုကိုလည်း တင်ပြပါမယ်။ လုပ်ဆောင်တာကတော့ ပြည်ထောင်စုကလုပ်ဆောင်မှာ၊ လောလောဆယ်တော့ ကျွန်တော်တို့ တိုင်းထဲမှာရှိတဲ့ ထုတ်ကုန်တွေကို ပြင်ပကို ထုတ်ဖို့စဉ်းစားတာပေါ့။ ကြံခင်း- ဟင်္သာတ- ပုသိမ်အထိ ရထားလမ်း ပိုင်းကလည်း အသုံးချလို့ ရတယ်လေ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မီးရထားလမ်းပိုင်းများ တည်ဆောက်ပြေးဆွဲနိုင်ရေးအတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများက တိုင်းဒေသကြီးအစိုးရထံ မကြာခဏ လာရောက်တင်ပြသော်လည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းများ မရှိခဲ့ကြောင်း သိရသည်။    


READ NEXT
Cancel OK