Top News

AA နှင့် ARSA အဖွဲ့နှစ်ခုတို့၏ ဆက်စပ်နေမှုများအား နိုင်ငံတော်အစိုးရ အနေဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်သင့်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အကြံပြု
24htopnews | September 14, 2024 2:12 PM CST

AA နှင့် ARSA အဖွဲ့နှစ်ခုတို့၏ ဆက်စပ်နေမှုများအား နိုင်ငံတော်အစိုးရ အနေဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ စီစဉ်ပေးမှုဖြင့် ပြည်တွင်းမီဒီယာများမှ သတင်းထောက် (၂၀) ဦးတို့နှင့်အတူ ဇန်နဝါရီ ၅ ရက်မှ ၆ ရက်အထိ AA လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်ခြင်းကိုခံရသော ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများသို့ သွားရောက်လေ့လာခြင်းနှင့် မောင်တောခရိုင် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေသော ဒဏ်ရာရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ (သေနင်္ဂလက်နက်နှင့် နိုင်ငံတကာ စစ်မှုရေးရာ မဂ္ဂဇင်း) က အကြံပြုထားသည်။ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားခဲ့သော စခန်းလေးခု အနက်မှ ခထီးလှရဲကင်းစခန်းနှင့် ဂုပ္ပိရဲကင်းစခန်းများအား ဇန်နဝါရီ ၆ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပြီး AA လက်နက်ကိုင်များအနေဖြင့် နယ်ခြားစောင့် ရဲကင်းစခန်း လေးခုလုံးအား ကြိုတင်စီစဉ်ထားသော တိုက်စစ်ဖြင့် အရုဏ်ဦးတွင် တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်၏ ရာသီဥတု အနေအထားအရ ထိုအချိန်တွင် မြူများကျဆင်းနေပြီး မြင်ကွင်းကန့်သတ်ချက် ကြီးမားသောအချိန် ဖြစ်နေသည်။

တိုက်ခိုက်ခံရသော ရဲကင်းစခန်းများသည် သက်ဆိုင်ရာ တိုင်းရင်းသားကျေးရွာများအား ARSA အကြမ်းဖက် သောင်းကျန်းသူများ ကျူးကျော်မှုရန်မှ ကာကွယ်ရန်အတွက် တည်ဆောက်ထားသော ရဲကင်းများသာ ဖြစ်ခြင်းကြောင့် နယ်စပ်ဒေသရှိ အခိုင်အမာ ခံစစ်စခန်းများနှင့် သဘောသဘာဝ တူညီမည် မဟုတ်ဘဲ ရဲကင်းစခန်း တစ်ခုလျှင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အင်အား (၁၅) ဦးမှ (၂၅) ဦးအထိသာ တာဝန်ချထားကြောင်း လေ့လာသိရှိရကာ ကျေးရွာတစ်ခုစီအား ကာကွယ်နိုင်ရန် သင့်တင့်သော အင်အားသာ ဖြစ်သည်ဟု သုံးသပ်ကြောင်း အကြံပြုမှုတွင် ဖော်ပြထားသည်။

အဆိုပါစခန်းများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအား တပ်ဆင်ပေးထားသော လက်နက်များမှာ ပြည်တွင်းထုတ် BA 63 နှင့် MA 11 ချေမှုန်းရေး ရိုင်ဖယ်များ၊ BA 64 နှင့် MA 12 များနှင့် BA 94 စက်သေနတ်ငယ်များ ဖြစ်သောကြောင့် ကောင်းမွန်သောပစ်အား ရရှိနိုင်သည်ဟု သုံးသပ်ပါသည်။ သို့သော် လက်နက်များအား ပုံမှန်တိုက်ချွတ်ဆေးကြောခြင်း ရှိ၊ မရှိ ဆိုသည့် အချက်အား ထည့်သွင်းစဉ်းစားသင့်ပြီး ကျည်ကာဦးထုပ်နှင့် ကျည်ကာအကျ ႌများမှာလည်း တပ်မတော်သားများကဲ့သို့ တပ်ဆင်ပေးထားကြောင်း တွေ့ရှိရသည်။ ဂုပ္ပိကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကျည်ကာဦးထုတ်အား လက်နက်ငယ်ကျည် ထိမှန်ခဲ့သော်လည်း ဖောက်ဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။ သို့သော် နယ်ခြားစောင့် ရဲကင်းစခန်းများရှိ ခြံစည်းရိုးများ အားနည်းနေကြောင်း တွေ့ရှိရပြီး ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများ၏ အနက်မှာလည်း တိမ်နေသည့်အတွက် တိုက်ခိုက်ခံရချိန်တွင် ကျည်အလွယ်တကူ ထိမှန်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

ခထီးလှရဲကင်းစခန်းနှင့် ဂုပ္ပိရဲကင်းစခန်းများအား ကျေးရွာများကို ကာကွယ်ရန်အတွက် ရွာများအနီးရှိ တောင်ကုန်းများတွင် တည်ဆောက်ထားသည်။ AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာတွင် အဆိုပါ တောင်ကုန်းများနှင့် ဆက်နေသော ပိုမိုမြင့်မားသည့် တောင်စွယ်မှဆင်းကာ တိုက်ခိုက်သည့်အတွက် အသာစီး ရရှိနေသော အခြေအနေ ဖြစ်သည်။ ခထီးလှရဲကင်းစခန်းအား စိုးမိုးနေသည့် ကုန်းပေါ်မှလည်းကောင်း၊  စခန်းရှေ့လယ်ကွင်းအား ဖြတ်၍လည်းကောင်း နှစ်ဖက်ညှပ်ကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားပြီး နှစ်နာရီခန့် အချိန်အတွင်း အဆိုပါစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပစ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများကို စွန့်ခွာကာ စခန်းအလယ်ရှိ ကွန်ကရစ် အဆောက်အအုံတွင်းမှ ခုခံတိုက်ခိုက်ခဲ့ရကြောင်း တွေ့ရှိရသည်။ AA အဖွဲ့အနေဖြင့် စခန်းခြံစည်းရိုးများအားဖျက်ကာ အတွင်းသို့ ဝင်ရောက် လာနိုင်ခဲ့ပြီး ထိုအချိန်တွင် တပ်မတော်(လေ) မှ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စင်းက ဝေဟင်မှ လည်းကောင်း၊ စစ်ကူလိုက်လာသော တပ်မတော်စစ်ကြောင်းက မြေပြင်မှလည်းကောင်း ပစ်ကူပေးခြင်းတို့ကြောင့် AA အဖွဲ့အနေဖြင့် စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ ဝေဟင်နှင့် မြေပြင်ပစ်ကူ၊ စစ်ကူများသာ အချိန်အနည်းငယ် နောက်ကျပါက စခန်းကျသွားနိုင်ပြီး AA အဖွဲ့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ခထီးလှရွာသည် မြို့နှင့် ခမီတိုင်းရင်းသားများ မှီှတင်းနေထိုင်ကြသော နတလရွာ ဖြစ်သည်။ ယင်းအတူ AA အဖွဲ့အနေဖြင့် ဂုပ္ပိရဲကင်းစခန်းအား စိုးမိုးနေသည့် တောင်ကြော တစ်ဖက်တည်းပေါ်မှဆင်းကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး အဝေးမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စခန်းပတ်လည်တွင် မြေထိုးစက်ဖြင့်ထိုးကာ သတ်ကွင်းဖော်ထားခြင်းနှင့် ထိရောက်စွာ ပြန်လည် ပစ်ခတ်နိုင်မှုတို့ကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်း မရှိကြောင်းနှင့် ဂုပ္ပိရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သောရွာ ဖြစ်ကြောင်း သိရသည်။

AA အဖွဲ့အနေဖြင့် လက်နက်ငယ်မျိုးစုံ၊ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများနှင့် အာပီဂျီဒုံးသီးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရသည်။ ၆၀ မီလီမီတာ စိန်ပြောင်းများ အသုံးပြုခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိကြောင်းနှင့် AA က တိုက်ခိုက်မည့် သတင်းအား ကြိုတင်ရရှိခဲ့သော်လည်း ရေမြေအနေအထားအရ စစ်ကူအချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့ခြင်း မရှိခဲ့သည့်အပြင် လူတို့၏ သဘောသဘာဝမှ ဝင်တိုက်မည့် သတင်းများ မကြာခဏ ပေါ်နေတတ်သော အခြေအနေတွင် အမှန်တကယ် ဝင်ရောက် တိုက်ခိုက်ချိန်တွင် သတိလက်လွတ် ဖြစ်နေတတ်သည်ကိုလည်း ဖော်ပြထားသည်။

ARSA အကြမ်းဖက်အဖွဲ့ အနေဖြင့် AA အဖွဲ့ဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်း ရှိမရှိ အတည်မပြုနိုင်သော်လည်း AA အဖွဲ့က ကျင့်သုံးသွားသော နည်းဗျူဟာမှာ ၂၀၁၇ ခုနှစ်အတွင်း ARSA အဖွဲ့က နယ်ခြားစောင့်ရဲစခန်း ၃၀ နှင့် တပ်မတော် တပ်ရင်းဌာနချုပ် တစ်ခုတို့အား တိုက်ခိုက်စဉ် ကျင့်သုံးသွားသော နည်းဗျူဟာနှင့် ထပ်တူကျနေကြောင်း လေ့လာတွေ့ရှိရပြီး စခန်းများ စတင်အဝိုင်းခံရချိန်တွင် ရခိုင်ဘာသာဖြင့် လက်နက်ချရန် အော်ဟစ်ပြောဆိုကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များအရ သိရှိရပါသည်။ စဉ်းစားသုံးသပ်သင့်သည်မှာ ARSA လှုပ်ရှားနေသော နယ်မြေနှင့် လက်ရှိ AA လှုပ်ရှားနေသော နယ်မြေများ ထိစပ်နေသော်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးခြင်းနှင့် ၎င်းအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနေကြောင်း မြေပြင်အထောက်အထားများရှိကြောင်း လေ့လာတွေ့ရှိရကာ အနည်းဆုံး အောက်ခြေတပ်မှူးများ အဆင့်တွင် သဘောတူညီချက် ယူထားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက် နေနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က သုံးသပ်ထားသည်။

ထို့ပြင် ARSA အကြမ်းဖက်အဖွဲ့ အနေဖြင့် တစ်ဖက်နိုင်ငံရှိ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီ လူငယ်များအား စည်းရုံးသိမ်းသွင်းကာ လေ့ကျင့်သင်တန်း ပေးနေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အနာဂတ်တွင် ARSA အဖွဲ့က မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကို လည်းကောင်း၊ AA က ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကို လည်းကောင်း  တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်လာနိုင်ကြောင်း သုံးသပ်ထားသည်။

AA အဖွဲ့အနေဖြင့် ဆုတ်ခွာရာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦးနှင့် မိသားစုဝင် လေးဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းအား တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က လိုက်လံရှင်းလင်းချိန်တွင် လူသားဒိုင်းအဖြစ် အသုံးချရန် ဖမ်းဆီးခေါ်ဆောင် သွားခြင်းဟု သုံးသပ်ကြောင်းနှင့် လွတ်မြောက်နိုင်သည်ဟု ယူဆသော အချိန်ရောက်မှ ဓားစာခံများအား လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့က သုံးသပ်ထားသည်။

AA အဖွဲ့ တိုက်ခိုက်ခံရသည့် ခထီးလှနှင့် ဂုပ္ပီရဲကင်းစခန်းများအား တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များက ပစ်ကူပေးနေမှုကို မီဒီယာအချို့တွင် တစ်ပြိုင်နက်တည်း အသားပေး ဖော်ပြနေမှုသည် တပ်မတော်က AA အား ပြန်လည်တိုက်ခိုက်ချိန်တွင် စစ်ရာဇဝတ်မှုများ (War Crimes) ကျူးလွန်နေကြောင်း ကုလသမဂ္ဂသို့ တင်ပြရန် ပုံဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သုံးသပ်ကြောင်းနှင့် ထိုလိုလားချက်မှာ ARSA ဘင်္ဂါလီ အစွန်းရောက်များ၏ လိုလားချက်နှင့် ထပ်တူဖြစ်နေသည်ကို သတိပြုသင့်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က သုံးသပ်ထားသည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်စခန်းများ (IDP Camps) များပြားလာပါက ကုလသမဂ္ဂက လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဉ်အောက်မှ ဖိအားပေးလာနိုင်ပြီး AA အဖွဲ့အနေဖြင့် ထိုကဲ့သို့ အခြေအနေ ဖြစ်ပေါ်ရန် ဖန်တီးနေသည်ဟု သုံးသပ်ထားသည်။

 

AA က ရဲကင်းစခန်းလေးခုအား စီးနင်းတိုက်ခိုက်သည့် အကြောင်းရင်းများအဖြစ် တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ပြီး တိုင်းစစ်ဌာနချုပ်ငါးခု နယ်မြေများအတွင်း စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများကို ညှိနှိုင်းဆွေးနွေးသွားရန်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။ AA အဖွဲ့၏ ဌာနချုပ်မှာ KIA အခြေပြုရာ လိုင်ဇာဖြစ်ပြီး လက်ရှိတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှိနိုင်ငံ အတွင်းတွင် ရှိသည်ဟု သုံးသပ်ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တပ်နေရာ ချထားမှုများ ပါဝင်လာမည် ဖြစ်သည်။ ထို့ကြောင့် AA အနေဖြင့် ရခိုင်ပြည်နယ် အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ထိုနယ်မြေတွင် ၎င်းတို့လှုပ်ရှားနေသည်ဟု သက်သေပြသနိုင်ရန် ဖြစ်သည်ဟု သုံးသပ်ကြောင်းနှင့် ထိုမှသာ ငြိမ်းချမ်းရေး ဆွေးနွေးချိန်တွင် နယ်မြေတောင်းဆိုနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်။ ဒုတိယအချက်အနေဖြင့် အင်အားသောင်းဂဏန်းနီးပါးမျှ (အချို့က ထောင်ဂဏန်းသာ ရှိသည်ဟု သုံးသပ်သည်။ အချို့က နှစ်သောင်းခန့် ရှိသည်ဟု သုံးသပ်သည်။) ရှိသည်ဟု ဆိုသော AA ၏ အုပ်ချုပ်ထောက်ပံ့မှုအတွက် အသုံးစရိတ်အား ရှာဖွေရန် တစ်ခုတည်းသော လွယ်ကူသည့် နည်းလမ်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးခြင်းဖြစ်ပြီး ရခိုင်လူထုက AA အား ငွေကြေးထောက်ပံ့နေသည် ဆိုသည်မှာ အပြည့်အဝ မှန်ကန်ခြင်း မရှိဘဲ ၀ါဒဖြန့်ချိနေခြင်းဟုသာ သုံးသပ်ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများအား ထိန်းထားရန်အတွက် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကာ မူးယစ်ဆေးဝါးများ သယ်ဆောင်ဖြန့်ဖြူးရာတွင် AA နှင့် ARSA ပူးပေါင်း လုပ်ဆောင်နေမှုများ ရှိနေနိုင်ကြောင်းလည်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က သုံးသပ်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများအတွက် AA လက်နက်ကိုင်အဖွဲ့ကို ငမြင်းဘော်ရဲကင်းစခန်းနှင့် ကျောင်းတောင် ရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)။ ၅၄၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က) အရ လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းနှင့် ခထီးလှရဲကင်းစခန်း ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်ကို ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)။၅၄ ဖြင့် အမှုဖွင့်ခြင်းမျှသာမက မြန်မာနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအနေဖြင့် AA အဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအနေနှင့် သတ်မှတ်ကြောင်း ကြေညာသင့်သည်ဟု  သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က သုံးသပ်ထားသည့်အပြင် AA နှင့် ARSA အဖွဲ့ နှစ်ခုတို့၏ ဆက်စပ်နေမှုများအား နိုင်ငံတော်အစိုးရ အနေဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်သင့်ကြောင်း အကြံပြုထားသည်။

အဆိုပါ အချက်များအပြင် နယ်ခြားစောင့် ရဲကင်းစခန်းများ တည်ဆောက်ထားမှုနှင့် ခံစစ်ပြင်ဆင်ထားမှုတို့အား ပြန်လည် သုံးသပ်သင့်ကြောင်းနှင့် (ဥပမာ ဘန်ကာများ တည်ဆောက်ထားမှု၊ ဆက်သွယ်ရေးမြောင်းများနှင့် ပစ်ကျင်းများ၏ အနက်၊ စခန်းခြံစည်းရိုး တည်ဆောက်ထားမှု အခြေအနေ စသည်) စခန်းများတွင် MG-3 (သို့မဟုတ်) MG - 42 (သို့မဟုတ်) MA - 15 စက်လက်များနှင့် ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာများအား ဖွဲ့စည်းပုံ တိုးချဲ့တပ်ဆင် ပေးထားနိုင်ရန် စဉ်းစားသင့်ကြောင်း၊ မိမိတာဝန်ယူထားရသော နယ်မြေအတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် စည်းရုံးရေးကို ယခုထက် ပိုမိုတည်ဆောက် ထားသင့်ကြောင်း၊  နယ်ခြားစောင့် ရဲကင်းစခန်းများတွင် လိုက်ပါနေထိုင်သော မိသားစုဝင်များ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက် ထားသင့်ကြောင်း၊ လက်ရှိတွင် စခန်းများ အကျယ်အဝန်းနှင့် အကာအကွယ်ပေးနေရသော ကျေးရွာများ၏ အရွယ်အစားတို့အရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် အလျင်အမြန် တုံ့ပြန်ရေးတပ်ဖွဲ့များ (Rapid Reaction Force သို့မဟုတ် Quick Reaction Force) ဖွဲ့စည်းကာ တိုက်ပွဲဖြစ်ပွားရာသို့ အလျင်အမြန် တပ်ဖြန့်ချထားနိုင်ရေး ဆောင်ရွက်သင့်ကြောင်းနှင့်  သတင်းလုံခြုံမှုကို အထူးသတိပြုသင့်ကာ တပ်များ တပ်ဖြန့်ချထားမှုအင်အား စာရင်းအား ပေါက်ကြားစေခဲ့သူမှာ စစ်တွေလေဆိပ်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အရာရှိ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အရပ်ဘက် ထောက်လှမ်းရေးတွင် အရေးပါသော ဌာနတစ်ခုအတွင်းသို့ တစ်ဖက်အဖွဲ့အစည်းများက ထိုးဖောက် ဝင်ရောက်နေကြောင်း သိရှိနိုင်ပြီး ထိုဒေသတွင် တာဝန်ချထားသော ဝန်ထမ်းများ၏ နိုင်ငံတော်အပေါ် သစ္စာရှိမှုကို ဆန်းစစ်ရန် လိုအပ်ကြောင်းနှင့် ထိရောက်သော စိစစ်အရေးယူမှုများကို လုပ်ဆောင်သင့်ကြောင်း  သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အကြုံထားသည်။

 


READ NEXT
Cancel OK