Top News

အလောင်းတော်ကဿပ ဘုရားဖူးရာမှ ပြန်လာသော ခရီးသည်တင်ယာဉ် ဂုံးညင်းပင်စခန်းအနီး၌ တိမ်းမှောက်ခဲ့ပြီး လူရှစ်ဦး ဒဏ်ရာရရှိကာ လူတစ်ဦး သေဆုံးမှုဖြစ်ပွား
24htopnews | September 14, 2024 2:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားဖူးရာမှ ပြန်လာသောခရီးယာဉ်သည် ဇန်နဝါရီ ၁၃ ရက် မွန်းတည့် ၁၂ နာရီက ဂုံညင်းပင်စခန်းအနီး၌ တိမ်းမှောက်ခဲ့ပြီး လူရှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကနီမြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

Hiace ခဲရောင်ယာဉ်သည် အလောင်းတော် ကဿပဘုရားဖူးရာမှ ပြန်လာစဉ် ဂုံညင်းပင်စခန်းအနီး လမ်းအဆင်း၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ တောင်စောင်း နှင့် ပွတ်တိုက်မိရာမှတစ်ဆင့် တိမ်းမှောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းတော်ကဿပဘုရားကနေ အပြန်မှာပေါ့နော်။ ဂုံညင်းပင်စခန်းအနီးမှာ မှောက်တာပါ။ တောင်စောင်းကို ပွတ်တိုက်မိပြီး တိမ်းမှောက်ခဲ့တာ။ လူတစ်ဦးကတော့ သေဆုံးသွားခဲ့တယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကတော့ လူသုံးဦးရှိတယ်။ အခြားလူတွေလည်း ဒဏ်ရာရတယ်။ လူရှစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်။ သေဆုံးတဲ့သူကတော့ အမျိုးသမီးဖြစ်ပါတယ်။ သူ့အလောင်းကတော့ ကပိုင်မှာ ထားထားတယ် ဟု ကနီမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

ဘုရားဖူးရာမှ ပြန်လာသော ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များကို ယင်းမာပင်မြို့နယ် ကပိုင်ဆေးရုံမှ မုံရွာပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေး ကုသပေးထားကြောင်း၊ သေဆုံးခဲ့သည့်အမျိုးသမီးသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပခန်းကြီးကျေးရွာ၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူကို ကနီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK