Top News

မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန်များတွင် လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ် ထောင်နှင့်ချီရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်
24htopnews | September 13, 2024 7:12 PM CST

မြန်မာတစ်နိုင်ငံလုံးရှိ စက်မှုဇုန်များတွင် လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ် ထောင်နှင့်ချီရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အများဆုံးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားချက်အရ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်မှုဇုန် ဖော်ထုတ်ပြီးမြေကွက် ၃၇၀၇၆ ရှိပြီး လုပ်ငန်း မဆောင်ရွက်သည့် မြေကွက်လွတ် ၇၁၉၄ ကွက်ရှိကြောင်း သိရသည်။ လုပ်ငန်းမဆောင်ရွက်သည့် မြေကွက်လွတ် ၇၀၀၀ ကျော်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ မြေကွက်လွတ် ၂၀၀၀ ကျော်နှင့် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ မြေကွက်လွတ် ၁၀၀၀ ကျော်စီ ပါဝင်ကြောင်း သိရသည်။
အဆိုပါ စက်မှုလုပ်ငန်း မူဝါဒတွင် စက်မှုဇုန်များ၌ မြေဈေးကစားမှု အလေ့အကျင့်ကို လျော့နည်းစေပြီး ရေရှည်တွင် စီးပွားစွန့်ဦးတီထွင်မှုများ တိုးပွားစေရန်အတွက် သုံးနှစ်အတွင်း စက်မှုလုပ်ငန်း မထူထောင်လျှင် လျော်ကြေးတစ်စုံတစ်ရာ မပေးဘဲ ပြန်လည်သိမ်းယူခြင်း စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်မှုကဏ္ဍ၏ လက်ရှိပြဿနာများအဖြစ် ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှု အားနည်းပြီး ထုတ်လုပ်မှုနည်းပညာ နိမ့်ကျခြင်း၊ ပြည်ပဈေးကွက် မထိုးဖောက်နိုင်ခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် ဓနအင်အားမရှိခြင်း၊ အရည်အသွေးပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ် အပြည့်အဝမရရှိခြင်း၊ စွမ်းအင်ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မှုအားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှု မရှိသေးခြင်း၊ ကျွမ်းကျင်လုပ်သား အလုံအလောက်မရရှိခြင်း၊ အချို့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများသည် ခေတ်နှင့်လျော်ညီမှုမရှိခြင်း၊ အလုပ်သမား၊ အလုပ်ရှင်ပဋိပက္ခ ဖြေရှင်းရမှု များပြားခြင်း၊ စက်မှုလုပ်ငန်း မြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ဖော်ပြထားသည်။
စက်မှုလုပ်ငန်းမူဝါဒတွင် ဖော်ပြထားချက်အရ မန္တလေးတိုင်းဒေသကြီးတွင် မန္တ လေးစက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်၊ မြင်းခြံစက်မှုဇုန်၊ ရတနာပုံစက်မှုဇုန်တို့ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တောင်ဒဂုံ(၁)၊ တောင် ဒဂုံ(၂)၊ တောင်ဒဂုံ(၃)၊ ဒဂုံမြို့သစ်ဆိပ်ကမ်း (၁+၂)၊ ဒဂုံမြို့သစ်  အရှေ့(၁+၂)၊ ဒဂုံမြို့သစ်မြောက်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ တောင်ဥက္ကလာပ၊ သာကေတ၊ သီလဝါ၊ လှိုင်သာယာဇုန်(၁၊၂၊၃၊၄၊၅၊၆၊၇)၊ ရွှေလင်ပန်း၊ ငွေပင်လယ်၊ ရွှေသံလွင်၊ အနော်ရထာ၊ မြစိမ်းရောင်၊ မွေးမြူရေးဇုန်၊ မင်္ဂလာဒုံ၊ ရန်ကုန်၊ ပျဉ်းမပင်၊ ရွှေပြည်သာဇုန် (၁၊၂၊၃၊၄)၊ ဝါး တရာဇုန်၊ မြောင်းတကာ၊ သာဓုကန် အစရှိသည့် စက်မှုဇုန်များရှိကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ်စက်မှုဇုန်တို့ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်းစက်မှုဇုန်၊ မုံရွာစက်မှုဇုန်၊ ရွှေဘိုစက်မှုဇုန်၊ ကလေးစက်မှုဇုန်တို့ ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးတွင် နဝဒေး (ပြည်)၊ ဂန္ဓမာ (ပြည်)၊ ပဲခူး စက်မှုဇုန်(ပြည်တွင်း)၊  ပဲခူးစက်မှုဇုန် (ပြည်ပ) တို့ရှိပြီး မကွေးတိုင်းဒေသကြီးတွင် ရေနံချောင်း၊ ပခုက္ကူစက်မှုဇုန်တို့ရှိသည်။ မွန်ပြည်နယ်တွင် မော်လမြိုင်စက်မှုဇုန်၊ ရှမ်းပြည်နယ်တွင် အေးသာယာစက်မှုဇုန်၊ မူဆယ်စက်မှုရပ်ကွက်၊ တာချီလိတ် စက်မှုရပ်ကွက်၊ ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန် (၁၊၂၊၃)၊မြဝတီစက်မှုဇုန်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မြိတ်စက်မှုဇုန်၊ ကယား ပြည်နယ်တွင် ကယားစက်မှုဇုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းစက်မှုဇုန် တို့ရှိကြောင်း သိရသည်။


READ NEXT
Cancel OK