Top News

ဟင်္သာတအကျဉ်းထောင်အတွင်းမှ ယခုလအတွင်း မူးယစ်ဆေးဝါးများ ဒုတိယအကြိမ် ဖမ်းဆီးရမိ
24htopnews | September 13, 2024 3:12 PM CST

ဟင်္သာတအကျဉ်းထောင်အတွင်းမှ ယခုလအတွင်း ဒုတိယအကြိမ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အကျဉ်းထောင် အိပ်ဆောင် (၃)၊ အခန်း(၂)၌ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရာတွင် အကျဉ်းသားနှစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဟင်္သာတအကျဉ်းထောင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ          “အဲဒါ ကျွန်တော်တို့ ပြောခွင့်မရှိပါဘူး။ တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးပါ။ ရဲစခန်းမှာသာ မေးကြည့်ပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြောခွင့်မရှိပါဘူး။ အဲဒီမေးခွန်းတွေကို ကျွန်တော်တို့ ဖြေခွင့်မရှိပါဘူး” ဟု ဖုန်းလက်ခံဖြေကြားသူက ပြန်လည်ဖြေကြားသည်။

ဟင်္သာတမြို့မရဲစခန်း၏ အတည်ပြုချက်အရ အကျဉ်းသား ဇော်မင်းထွေး (ခ) အငယ်လေး၏ အိပ်ယာဘေးရှိ ကြေးနီရောင် ဆပ်ပြာဘူးခွံအကြီးထဲတွင် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၇ ပြား တွေ့ရှိခဲ့ပြီး ကပ်ခွာအိတ်တစ်အိတ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ‘နွားကျောင်းသား’ တံဆိပ်ပါ ကော်ဘူးအသေးအား အလယ်တွင် LINE တံဆိပ်ပါ ဘောပင်အား ပိုက်အဖြစ် တပ်ထားသည့် ဘူးတစ်ဘူး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော LINE တံဆိပ်ပါ ဘောပင်အား ပိုက်အဖြစ် ပြုပြင်ထားသော ဘောပင်တစ်ချောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ခဲစက္ကူအပိုင်းအစတစ်ခု၊ Sim Card ပါ ရွှေရောင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ ဟင်္သာတ မြို့မရဲစခန်း၌ ရဲအုပ်နေမျိုးလင်းက တရားလို ပြုလုပ်ကာ မယ(ပ) ၈/၁၉၊ မူး/စိတ်ဥပဒေ ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ယင်းအိပ်ဆောင် (၃) အခန်း (၂) ရှိ အကျဉ်းသား ဇော်မင်းအောင် အိပ်ရာခေါင်းရင်းမှလည်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၀ တွေ့ရှိခဲ့ပြီး ကပ်ခွာ ပလတ်စတစ်အိတ် တစ်အိတ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပလတ်စတစ်အနက်ရောင်ဖြင့် ပတ်ထားသည့် ပိုက်တစ်ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍လည်း ရဲအုပ်နေမျိုးလင်းက တရားလိုပြုလုပ်ကာ မယ(ပ) ၉/၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

“မူးယစ်ဆေးတွေ တွေ့ထားတယ်ဆိုပြီးတော့ ထောင်က ဖုန်းဆက်ခေါ်လို့ နယ်ထိန်းအဖွဲ့က သွားဖမ်းတာပါ” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ အကျဉ်းသားဇော်မင်းထွေးမှာ မအူပင်မြို့နယ် (၅) ရပ်ကွက်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ရောင်းချမှုဖြင့် ပြစ်ဒဏ် ၁၁ နှစ် ကျခံနေရသူဖြစ်ပြီး အကျဉ်းသား ဇော်မင်းအောင်မှာ တစ်အိမ်တည်းနေ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှု၊ မအူပင်မြို့နယ် အမှတ် (၁) တပ်မတော် စစ်သားစုဆောင်းရေးတပ်၌ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်ပုံစံအတိုင်း နယ်ဘက် ပြစ်မှုတစ်ခုခုကို ကျူးလွန်ခဲ့ခြင်း ရှိ မရှိ မေးမြန်းရာတွင် စာရင်းလိမ်လည်သွင်းယူမှုတို့ဖြင့် ပြစ်ဒဏ် ၁၁ နှစ်ကျခံနေရသူဖြစ်ကြောင်း သိရသည်။

ဟင်္သာတအကျဉ်းထောင်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှာ ယခုလအတွင်း နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်က (၄)ဆောင်၊ (၂) ခန်း၌ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရာတွင် အကျဉ်းသားနှစ်ဦးထံမှ WY  စိတ်ကြွရူးသွပ်ဆေးပြား ၆၀၇ ပြားနှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။           

 


READ NEXT
Cancel OK