Top News

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်
24htopnews | September 13, 2024 3:12 PM CST

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံဆန္ဒထုတ် ဖော်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို မဘိမ်းမြို့နယ် ငါးအိုးကျေးရွာရှိ ဖူဆယ်အားကစားကွင်းအတွင်းတွင် စတင်စုဝေး၍ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ကျေးရွာအတွင်း စီးတန်းလှည့်လည် လမ်းလျှောက်၍ မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအပါအဝင် ဒေသခံအင်အား ၅၀၀ ဝန်းကျင်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပါသည် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိအခြေအနေ အချိန်ကာလနဲ့ ကိုက်ညီမှုမရှိတော့တဲ့အတွက် ပြောင်းလဲပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း လေးကြိမ်တိုင်တိုင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာလည်း ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ကြမှသာ တိုင်းပြည်အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံပွဲဟာ ဒီမဘိမ်းမြို့နယ်မှာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တက်ရောက်လာခဲ့တာက ပြည်သူတစ်ယောက်အနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ လာရောက်ခဲ့တာပါ” ဟု မဘိမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြောကြားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလူထုထောက်ခံပွဲကို ကျွန်မအနေနဲ့ ကိုယ့်စရိတ်ကိုယ်စားပြီး ၁၀ မိုင်လောက်ဝေးတဲ့ နေရာကနေ လာခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ကျွန်မ သိနားလည်သလောက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ချိုးနှိမ်ထားပြီး လူတစ်စုအတွက် အခွင့်အရေးကို ကာကွယ်ပြီးလုပ်ထားတယ်။ ကျွန်မတို့ ပြည်သူတွေဟာ မျှမျှတတနဲ့ အခွင့်အရေးတွေ၊ ကောင်းကောင်းမွန်မွန်နဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ လိုချင်တဲ့အတွက် ဒီထောက်ခံပွဲကို တက်ရောက်ခဲ့တာပါ” ဟု မဘိမ်းမြို့နယ် ခတ်ခုံကျေးရွာမှ မချိုပြုံးက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငါးအိုးကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံဆန္ဒထုတ်ဖော်ပွဲသို့ မဘိမ်းမြို့နယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ ဒေသခံများ၊ NLD ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပါသည်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာစေဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော် ကော်မတီအား ဝိုင်းဝန်းထောက်ခံကြပါစို့၊ ဒီမိုကရေစီ စံနှုန်းမညီသော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှုကို ပြည်သူတစ်ရပ်လုံးမှ လက်ခံကြိုဆိုပါသည် အစရှိသည့် စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ထောက်ခံဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။               

 


READ NEXT
Cancel OK