Top News

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၌တွေ့ဆုံမှုတွင် စစ်ရေးကိစ္စအတွက် Bilateral ရေးထိုးလိုကြောင်းနှင့် နိုင်ငံရေးကိစ္စအား FPNCC ကော်မတီဖြင့် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ အဆိုပြု
24htopnews | September 13, 2024 3:12 PM CST

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ၌ တွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့က စစ်ရေးကိစ္စအတွက် Bilateral ရေးထိုးလိုကြောင်းနှင့် နိုင်ငံရေးကိစ္စအား ကော်မတီဖြင့် ဆွေးနွေးရန် အဆိုပြုခဲ့ကြောင်း တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောကြားသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“အလွတ်သဘော တွေ့ဆုံမှုဖြစ်တဲ့အတွက် ဘာမှတော့ဆုံးဖြတ်ချက်မရှိဘူး။ ကျွန်တော်တို့ ဘက်မှာတော့ ကျွန်တော်တို့ကြားမှာ စစ်ရေးဖြစ်နေတဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသလည်းရှိတယ်။ တချို့ဒေသမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ ထိုးစစ်ကများတယ်။ ဒါကြောင့်မို့လို့ စစ်ရေးအခြေအနေကို ထိန်းညှိဖို့ တိုက်ပွဲမဖြစ်အောင် နှစ်ဖက်ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ကျွန်တော်က အဆိုတင်သွင်းတယ်။ ပြီးရင် Bilateral ကိစ္စကို တကယ်လို့ ထိုးမယ်ဆိုရင်တော့ ကျွန်တော်တို့လေးဖွဲ့လုံးပါမှ ထိုးမယ်။ အဲဒီလိုမျိုး အဆိုပြုလိုက်တယ်။ သူတို့ဘက်မှာတော့ အလွတ်သဘောဖြစ်နေတဲ့အတွက် အဆုံးအဖြတ်တော့ မပေးနိုင်ဘူး။ ဒီဆွေးနွေးမှုကို သူတို့ယူဆောင်သွားပြီးမှ အထက်ကိုပြန် တင်ပြမယ်” ဟု TILA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ တအန်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပါဝင်သည်။

ထို့ပြင် အဆိုပါတွေ့ဆုံမှုတွင် အစိုးရဘက်က ၎င်းတို့လေးဖွဲ့အား NCA ရေးထိုးခိုင်းသည်ဟု သတင်းများထွက်ပေါ်မှုနှင့်ပတ်သက်၍ ဗိုလ်မှူးမိုင်းအိုက်ကျော်က “NCA ကတော့ အဲဒီလိုမျိုး သီးခြားမဟုတ်ဘူး။ ဒီဟာကတော့ စစ်ရေးကိစ္စ။ အခုတွေ့ဆုံတာလည်း မြောက်ပိုင်းလေးဖွဲ့မှာ တိုက်ပွဲဖြစ်တဲ့ အဖွဲ့တွေဖြစ်တယ်။ စစ်ရေးကိစ္စက အဲဒီလိုမျိုးပြောတယ်။ ဒီနိုင်ငံရေး ဆွေးနွေးမှုအပိုင်းရောက်ရင်တော့ ကျွန်တော်တို့ သူတို့ကိုပြောပြတယ်။ နိုင်ငံရေးဆွေးနွေးမှုမှာဆိုရင် ကျွန်တော်တို့နဲ့ လေးဖွဲ့နဲ့မပြီးဘူး။ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ ခုနစ်ဖွဲ့ရှိတယ်။ FPNCC နဲ့ ဆွေးနွေးမှအဆင်ပြေမယ်။ FPNCC နဲ့ သွားမှ အဆင်ပြေမယ်။ FPNCC နဲ့ တွေ့ဖို့တော့ လိုတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့က အဆိုပြုတာပဲ ရှိတယ်” ဟု ပြောကြားသည်။

FPNCC တွင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အပြင် ‘o’ သွေးစည်းညီညွတ်ရေး ပါတီ(UWSP)၊ မိုင်းလားအဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ပါဝင်သည်။

ယခုတွေ့ဆုံပွဲသို့ မိုင်းလားအဖွဲ့၊ ‘၀’ အဖွဲ့နှင့် SSPP အဖွဲ့ကိုယ်စားလှယ်များ လေ့လာသူ အသိသက်သေအဖြစ် တက်ရောက်ခဲ့ကြောင်းသိရသည်။

အကယ်၍ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနေဖြင့် Bilateral ထိုးပြီးပါက NCA ရေးထိုးရန်အတွက် FPNCC ကော်မတီအနေဖြင့် ဆက်လက်ဆွေးနွေးရန် ဆိုလိုခြင်းလားဟု မေးမြန်းမှုအပေါ် NCA ကိစ္စဟု သီးခြားဆိုလိုခြင်းမဟုတ်ဘဲ နိုင်ငံရေးကိစ္စနှင့်ပတ်သက်ပါက FPNCC မှတစ်ဆင့် သွားမှသာအဆင်ပြေမည်ကို ဆိုလိုခြင်းဖြစ်ကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက “တစ်ဖက်ကပဲ ရှိသေးတာ။ အစိုးရဘက်က လိုလားသလားပေါ့။ ဒါတွေလည်းရှိသေးတယ်။ FPNCC တစ်ခုလုံးနဲ့ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် လည်း  သူတို့က တောင်းဆိုချက်တွေ၊ ကန့်သတ်ချက်တွေ များလာတာတဲ့အခါကျရင် အဆင်ပြေဖို့ နည်းနည်းခက်တာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်အမြင်ကတော့ ၂၅ ရက် ဆွေးနွေးပွဲလည်း မယ်မယ်ရရ ဘာအဖြေမှမရဘူးလေ။ အလွတ်သဘောက အလွတ်သဘောဖြစ်တာကို။ သူတို့ယုံကြည်မှု ဘယ်လောက် တည်ဆောက်နိုင်ကြသလဲ။ ဒါတော့ မပြောတတ်တော့ဘူး။ ဒါကြောင့်မို့လို့ ရှေ့ဆက်ဆွေးနွေးမှပဲ ဘယ်လို အဖြေတွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်လို့ရမယ်။ ဆက်ဆွေးနွေးဖို့ အဓိကပါ” ဟု ပြောကြားသည်။

FPNCC တွင် အဓိကဦးဆောင်အဖွဲ့မှာ ‘၀’ အဖွဲ့(UWSP/UWSA)ဟု အများကရှုမြင်ထားပြီး ‘၀’ အဖွဲ့အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ လိုလားချက် စာတမ်းအား ယခင်က တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့နောက် အဆိုပါစာတမ်းအား အခြေခံထားသည့် FPNCC ကော်မတီ၏ မူဝါဒစာတမ်းတွင်ပါရှိသည့် နိုင်ငံရေး တောင်းဆိုချက်များသည်လည်း ဖက်ဒရယ်ပြည်ထောင်စုမူကို ကျော်လွန်သည့် ကွန်ဖက်ဒရိတ်မူများ ပါဝင်နေသည်ဟု သုံးသပ်မှုများရှိခဲ့သည်။

အဆိုပါစာတမ်းအား FPNCC မှ အစိုးရထံ ပေးပို့ခဲ့သော်လည်း အစိုးရနှင့် တပ်မတော်က တရားဝင် အသိအမှတ်မပြုခဲ့ပေ။

ထို့အတူ FPNCC ကော်မတီသည် NCA စာချုပ်အား လက်မခံဘဲ အလားသဏ္ဌာန်တူသည့် အပစ်အရပ်စာချုပ်ကို လိုလားကြောင်းလည်း ကြေညာခဲ့သေးသည်။

“တကယ်တမ်းကျတော့ မြောက်ပိုင်းခုနစ်ဖွဲ့အနေနဲ့ကတော့ NCA လမ်းကြောင်းက မသွားဘူးဆိုတာ ကြေညာတာ ၂၀၁၇ ခုနှစ်ပါ။ ၂၀၁၈ နောက်ပိုင်း NCA ကိုလည်း သူတို့ညှိနှိုင်းလို့ ရပါတယ်ဆိုတာ ဖြစ်သွားတာ ကြာပါပြီ။ အဲဒီတော့ NCA ထိုးဖို့အတွက် ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ သဘောထား သူတို့မှာရှိတယ်။ အဲဒီလိုအနေအထားအောက်မှာ အခုဖြစ်နေတာကတော့ ငြိမ်းချမ်းကော်မရှင်ဘက်က Deep of Commitment ထိုးပြီး NCA အမြန်ထိုးဖို့ဆိုတဲ့ ဘက်ကနေပြီးတော့ သူတို့စဉ်းစားတယ်။ ဆိုလိုတာကတော့ Bilateral အချိန်ဆွဲတာ သူတို့မလိုလားပါဘူး။ ဟိုဘက်ကတော့ Bilateral ထိုးမယ်။ Bilateral ပြီးတဲ့နောက်ပိုင်းမှာ NCA နဲ့ပတ်သက်ပြီး ဆွေးနွေးမယ်။ ခုနစ်ဖွဲ့ NCA ထိုးဖို့ကိစ္စဘက်ကနေ စဉ်းစားတာပါ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဖို့ပဲလိုတာပါ။ ကွဲလွဲမှုဆိုတာကတော့ အချိန်ကာလနဲ့ ပတ်သက်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

‘၀’ အဖွဲ့ လားရှိုးဆက်ဆံရေး ရုံးတာဝန်ခံ ဦးညီရန်းက “ကျွန်တော်တို့ NCA ထိုးပြီးလို့မှ ဆက်လက်ပြီးမှ ညှိနှိုင်းမရတဲ့ အချိန်အခါမျိုးမှာ ပြန်ထွက်လို့ရမယ်ဆိုတဲ့ စာထုတ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထိုးမယ်ဆိုတဲ့ အဲဒီမူအတိုင်းပဲ ကျွန်တော် အဲဒီလောက်ပဲ သိတယ်နော်။ ကျွန်တော်တို့ ‘၀’ အဖွဲ့အနေနဲ့ကတော့ စကားများများ မပြောဘူး။ ကျွန်တော်တို့ ထိုးပြီးရင်လည်း လွယ်လွယ်လေးနဲ့ ထွက်မှာမဟုတ်ပါဘူး။ ဒါတွေ ကျွန်တော်တို့ထိုးပြီးမှ နောက်ဆုတ်မယ့်လမ်းကို ကြိုတင်ပြင်ဆင်ပြီးမှ ခင်းမယ့်ပုံစံလည်း မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒီအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကတည်းက အချက်အလက် ပြည့်စုံကောင်းပြည့်စုံမှုတွေ၊ အားနည်းချက်ပေါင်းများစွာ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ကြိမ်တစ်ခါ နိုင်ငံတော်အစိုးရ ဘာမှမဖြစ်ခဲ့ဖူးဘူးဆိုတာ ကျွန်တော်တို့ နိုင်ငံတော်နဲ့ ဘယ်လိုမျိုး ပူးပေါင်းလက်တွဲလဲဆိုတာ၊ ယုံကြည်မှု ရှိခဲ့လဲဆိုတာ သိသင့်တယ်လေ” ဟု ပြောကြားသည်။

ယခုအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) သည် ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားနေချိန်တွင် AA အဖွဲ့ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို အခြေခံဥပဒေနှင့်အညီ ‘၀’ ကဲ့သို့ အာဏာခွဲဝေမှု မြင့်မားသည် ကွန်ဖက်ဒရိတ်အခြေအနေကို သဘောကျကြောင်း ဧရာဝတီသတင်းဌာနနှင့် မေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားထားသည်။

“အခုဆွေးနွေးတဲ့ KIA အပါ လေးဖွဲ့ကတော့ သူတို့ပုံမှန်အတိုင်း Bilateral ထိုးပြီးတဲ့အခါမှာ NCA နဲ့ပတ်သက်ပြီးတော့ ဆွေးနွေးညှိနှိုင်းဖို့ သဘောထားရှိတယ်လို့ ထင်ပါတယ်။ အဲဒီတော့ တချို့ရှုပ်ထွေးနေတာတွေ ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ AA ကနေ ကွန်ဖက်ဒရေးရှင်း ပြောတယ်တို့ ဘာတို့ အဲဒါတွေကတော့ ဒါနိုင်ငံရေးသဘောထား ပြောတာပါ” ဟု တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း AA အဖွဲ့က တောင်းဆိုသည့် ကွန်ဖက်ဒရိတ်သည် ခွဲထွက်ခွင့်ဖြစ်သဖြင့် ယင်းတောင်းဆိုချက်ကို စွန့်လွှတ်ပြီးမှသာ အစိုးရ၊ တပ်မတော်တို့က AA အဖွဲ့နှင့် ဆွေးနွေးသင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

 


READ NEXT
Cancel OK