Top News

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီနှင့် ၎င်းဥပဒေ ပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်
24htopnews | September 13, 2024 3:12 PM CST

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုထောက်ခံပွဲကို ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လူထုထောက်ခံပွဲသို့ မြို့နယ်ပေါင်းစုံမှ ပြည်သူများ၊ အဖွဲ့အစည်းများမှ ပူးပေါင်း၍ စုစုပေါင်းအင်အား သုံးထောင်ခန့် တက်ရောက်ပါဝင်ခဲ့ပြီး ဦးမြအေး၊ ဦးထင်လင်းဦး၊ ကိုလေး(၇၄) အပါအဝင် အခြားပုဂ္ဂိုလ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။ 

လာရောက် ဟောပြောသူ စာရေးဆရာ ဦးထင်လင်းဦးက  “ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မတစ်ခုနဲ့ တစ်ခုဟာ အမြီးနဲ့အမောက် မတည့်ဘူးဆိုရင် အဲဒီဖွဲ့စည်းပုံရဲ့ အခြေခံက ပြည်သူကို လိမ်နေလို့ပဲ။ နိုင်ငံတစ်ခုမှာ နိုင်ငံတိုင်းက တန်းတူညီမျှနဲ့ အခွင့်အရေးရှိရမယ်ဆိုတာ ဟောဒီ လွတ်လပ်ရေးကျောက်တိုင်ကြီးမှာ ရေးထားတယ်။ သွားဖတ်ကြည့်ပါ။ နိုင်ငံသားတိုင်းသည် တန်းတူညီမျှတဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ အခွင့်အရေးရှိစေရမယ်လို့ နိုင်ငံပြုသုခမိန်၊ ဖခင်ကြီးများက ရေးသွားပါတယ်။ ဒါနဲ့ ဒီနေ့ ကျွန်တော်တို့ တရားမျှတမှု ရပြီလား” ဟု ဟောပြောခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်း သီဆို အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ကိုးဦးအား အလေးပြု ငြိမ်သက်ခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးတော်ပုံတွင် တိုက်ပွဲဝင် ကျဆုံးခဲ့သော သူများအတွက် ငြိမ်သက်ဂုဏ်ပြုခြင်း၊ လူထုထောက်ခံပွဲသို့ ပေးပို့သော လူမှုအဖွဲ့အစည်း အသီးသီးမှ သဝဏ်လွှာများ ဖတ်ကြားခြင်းတို့ ဆောက်ရွက်ခဲ့ကြောင်း သိရသည်။ 

လာရောက် ဟောပြောသူ ဦးမြအေးက “၂၀၀၈ ကာလ နာဂစ်မုန်တိုင်းဒဏ်ကို ဧရာဝတီတိုင်း တစ်တိုင်းလုံး ခံစားရပြီး မြန်မာပြည်သူတွေ သိန်းနဲ့ချီပြီး သေနေတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံကို အတည်ပြုခဲ့တာပါ။ ထောက်ပြပါမယ် ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကို လှန်လိုက်ပါ။ အဲဒီကာလက တိုင်းပြည်မှာရှိတဲ့ လူဦးရေဟာ ၅၇ သန်းကျော်လို့ ရေးထားတာ တွေ့ပါလိမ့်မယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ၅၄ သန်းကျော်ပဲ ရှိပါတယ်။ သုံးသန်း ဘယ်ရောက်သွားလဲ ဒါစာရင်းလိမ်ထားတာ တွေ့ပါလိမ့်မယ်။ ဒေတာ အချက်အလက်က အဲဒီမှာ စလွဲနေပါပြီ။ ၂၀၁၄ သန်းခေါင်စာရင်းမှာ ၅၄ သန်းပဲ ရှိပါတယ်။ အဲဒီတော့ စာရင်းပိုတွေပြပြီးတော့ ဧရာဝတီတိုင်းမှာ နောက်နေ့ မေလလကုန်ပိုင်းမှာ မဲပေးခိုင်းပြီးတော့ ၉၂ ဒသမကျော် ထောက်ခံပါတယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုလုပ်ယုံရမှာလဲဗျာ” ဟု ဟောပြောသည်။ 

လူထုထောက်ခံပွဲ တက်ရောက်လာသူများက “နိုင်ငံအနာဂတ်လှပရေး ၂၀၀၈ ခြေ။ဥ အမြင်ပြင်ပေး “ကြွေးကြော်သံ ဟစ်ကြွေးခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ထောက်ခံကြောင်း လက်မှတ်ကောက်ခံခြင်း၊ စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                    


READ NEXT
Cancel OK