Top News

ပါတီရုံး တည်ဆောက်ရန် NLD ပါတီက ဝယ်ယူထားသည်ဟု ဆိုသည့် မြေများသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်မြေများဖြစ်ပြီး မြေနေရာ လျှောက်မှုကြောင့် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တစ်ဧက ကျပ်သိန်း ၁၅၀ နှုန်းဖြင့် မြေကွက်တန်ဖိုး သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် စ
24htopnews | September 13, 2024 3:12 PM CST

ပါတီရုံး ဖွင့်လှစ်ရန် ဝယ်ယူထားသည့် မြေ ၁၆ ဧကကျော်သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် မြေများဖြစ်ပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် မြေနေရာ ချထားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဟိုတယ်ဇုန် (၁)၊ Commercial ဇုန်အနီးတွင် ရှိသော်လည်း ယင်းဇုန်များတွင် ပါဝင်ခြင်းမရှိသည့်မြေ ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေပြည်တော်တွင် ပါတီရုံး တည်ဆောက်ရန်အတွက် နေပြည်တော် စည်ပင်သာယာရေးမတီထံ မြေနေရာ လျှောက်ထားသဖြင့် မြေနေရာ သတ်မှတ်ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြေတန်ဖိုးကို ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တစ်ဧကလျှင် ကျပ်သိန်း ၁၅၀ နှုန်းဖြင့် သတ်မှတ်ပြီး မြေဖိုး သွင်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

“အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အနေနဲ့ သူတို့ကနေမှ နေပြည်တော်ရုံးခွဲ တည်ဆောက်ရေးအတွက်ကို လာလျှောက်ထားတာ။ လျှောက်ထားတဲ့ အခါကျတော့ သံတမန်ဇုန်တော့ မဟုတ်ဘူးပေါ့။ အဲဒါက သီးခြား မြေလွတ် တစ်နေရာလောက်ပေါ့။ တုံဂပူရီဟိုတယ်ရဲ့ အနောက်ဘက် မောင်ညိုတောရကျောင်းရဲ့ အနောက်ဘက်မှာ အဲဒီနေရာမှာ ကပ်လျက် မြေလွတ်တစ်ခုက နှစ်ပိုင်းပေါ့။ တစ်ပိုင်းက ဒီဘက်က သူက လမ်းဖြတ်ကလေး တစ်ခုခြားနေတယ်။ အားလုံး ၁၆ ဒသမ ၃ ဧက။ အဲဒါက သာမန် NGO တို့၊ CSO တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ သွင်းနိုင်တဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ဟာဆိုရင် အမှန်တကယ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေဆိုရင် သတ်မှတ်နေရာတွေဆိုရင် သိန်း ၅၀ နဲ့ပေးတယ်။ ဒါပေမဲ့ ဒီနေရာဟာ CSO တွေအတွက် မဟုတ်တဲ့ နည်းနည်း Commercial ဇုန်တော့ မဟုတ်ဘူးပေါ့။ သတ်မှတ်ထားတဲ့ မြေကွက်အလွတ်မှာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ သိန်း ၁၅၀၊ တစ်ဧကကို သိန်းတစ်ရာ့ ငါးဆယ်နဲ့ မြေကွက်ဖိုး သွင်းခိုင်းတာပေါ့။ ဒီမြေကွက်က နိုင်ငံတော်ကို သွင်းရတဲ့ မြေဖိုးပေါ့။ မြေဖိုး သတ်မှတ်ပြီးမှ ချထားပေးတာပေါ့။ ချထားပေးပြီးမှ သတ်မှတ်တဲ့ကာလမှာ ရုံးရဲ့ အဆောက်အအုံတွေ ဆောက်ရမယ်။ နောက်တစ်ခါ မြေငှားဂရန်တွေ လျှောက်ရဦးမယ်။ အဲဒါမျိုးတွေ အဆင့်ဆင့် ကျန်ပါသေးတယ်” ဟု ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံရေးပါတီများ၏ ရုံးတည်ဆောက်ရန် လျှောက်ထားမှုများအတွက် မူဝါဒတစ်ခု ချမှတ်ထားပြီး ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့တွင် အနည်းဆုံး ကိုယ်စားလှယ် ငါးဦး ရွေးကောက် တင်မြှောက်ရသည့် နိုင်ငံရေးပါတီများက မြေနေရာလျှောက်ထားပါက မြေကွက် ချထားပေးမည် ဖြစ်ကြောင်း ဦးမင်းသူက ပြောကြားသည်။

ဦးမင်းသူက “အခုဟာတော့ မြေချပေးထားတယ်။ သတ်မှတ်ချက်နဲ့ နိုင်ငံရေးပါတီများကို ချပေးထားတဲ့ မူတစ်ခုနဲ့ သတ်မှတ်ထားတာရှိတယ်။ အဓိကအားဖြင့်တော့ နိုင်ငံရေး ပါတီတွေ၊ နေပြည်တော်ဟာ ရုံးမြို့တော်ဖြစ်တဲ့အတွက် မြို့တော်အင်္ဂါရပ်နဲ့ ကိုက်ညီနိုင်တဲ့ နေပြည်တော်မြို့တော်မှာ ပါတီရုံံးအဖြစ် ဒါမှမဟုတ် ပါတီရုံးခွဲအဖြစ် တည်ဆောက်မယ့် နိုင်ငံရေးပါတီများအတွက်ကို အဓိက သတ်မှတ်ထားတာကတော့ ပြည်ထောင်စုလွှတ်တော် အဆင့်ပေါ့။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အဆင့်မှာ လွှတ်တော်ကိုယ်စားလှယ် ငါးဦးဟာ ရွေးကောက်ခံရတဲ့ အနည်းဆုံး ငါးဦး ရွေးကောက်ခံရတဲ့ ပါတီအဖွဲ့တွေမှ နိုင်ငံရေးပါတီတွေမှ မြေကွက် ချထားပေးမှာပေါ့။ အဲဒါအပြင်လည်း ဒေသဆိုင်ရာ နိုင်ငံရေးပါတီနဲ့ မှတ်ပုံတင် တရားဝင် မှတ်ပုံတင်ရထားတဲ့ နိုင်ငံရေးပါတီ ဖြစ်မယ်။ အနီးဆုံး ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ရမယ့် ယှဉ်ပြိုင်ပြီးမှ စောစောက ပြောတဲ့ ပြည်ထောင်စုအဆင့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦး အနည်းဆုံး အရွေးခံနိုင်တဲ့၊ အရွေးခံခဲ့ရတဲ့ ပါတီတွေ ဖြစ်ရမယ်။ ဒါကိုတော့ အဓိက ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ လွှတ်တော်တက်တဲ့ အချိန်မှာ တည်းခိုနေထိုင်ရေး ကိစ္စရော၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများရဲ့ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်တဲ့ အနေအထားအတွက်ကို အထောက်အပံ့ဖြစ်အောင် ဒီလိုရည်ရွယ်ပါတယ်။ အဲဒီတော့ ဒီမူနဲ့ ကိုက်ညီတယ်ဆိုရင် နိုင်ငံရေးပါတီတွေလည်း လျှောက်ထားနိုင်တယ် ဆိုတာ တစ်ဆက်တည်း ပြောလို့ရတာပေါ့” ဟု ပြောကြားသည်။

NLD ပါတီက ပါတီရုံး တည်ဆောက်ရန် ၁၆ ဒသမ ၃ အကျယ်အဝန်းရှိ မြေကွက် ဝယ်ယူထားသည်ဆိုသည့် နေရာသည် ဒက္ခိဏသီရိမြို့နယ် တော်ဝင်ရတနာလမ်း၏ တောင်ဘက်၊ တုံဂပူရီဟိုတယ်၏ အနောက်ဘက်၊ မောင်ညိုတောရကျောင်းအနီးတွင် တည်ရှိသည့် မြေကွက်များ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ယင်းမြေနေရာ၏ ပတ်ဝန်းကျင်မြေနေရာများသည် အိမ်ရာအဖြစ် ဖော်ဆောင်ထားခြင်းမရှိဘဲ ဟိုတယ်များ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ဖော်ဆောင်ထားသည့် မြေနေရာများ ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာသံရုံးများ ဖွင့်လှစ်ရန်အတွက် သံတမန်ဇုန်အဖြစ် ဖော်ဆောင်မည့် မြေနေရာများနှင့် တစ်မြို့နယ်တည်းတွင် တည်ရှိသည်။

နေပြည်တော်ရှိ သံတမန်ဇုန် မြေနေရာတွင် နိုင်ငံတကာသံရုံးများ မြေငှားရမ်းရာတွင် မြေဧက ၅ ဒသမ ၇၁ ရှိ မြေကွက် တစ်ကွက်လျှင် နှစ် ၅၀ အတွက် ငှားရမ်းခ ဒေါ်လာ ငါးသိန်းနှုန်းဖြင့် ငှားရမ်းပေးကြောင်း ဦးမင်းသူက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ယင်းမြေနေရာများကို နေပြည်တော် စည်ပင်သာယာရေးကော်မတီက လာရောက်၍ မြေတိုင်းတာမှုများ၊ မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားကြောင်း မြေကွက်များအနီးတွင် နေထိုင်သူများ၏ ပြောကြားမှုအရ သိရသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြေကွက်များ၏ ပေါက်စျေးနှင့် ပတ်သက်၍ “ဒက္ခိဏသီရိမှာ အိမ်ခြံမြေပေါက်စျေးကို မြေအလွတ် က သိန်း ၂၅၀ ကနေအထက်မှာ ရှိမှာပေါ့။ အစ်ကိုတို့က နိုင်ငံတော်က ချပေးတဲ့ မြေကွက်တွေပဲ လုပ်တာ။ ပေ ၈၀ ပတ်လည်၊ ၁၀၀ ပတ်လည်၊ ၁၂၀ ပတ်လည်ပေါ့နော်။ ပေ ၈၀ ပတ်လည်က အခြေခံစျေးနှုန်း ၂၅၀၊ ၃၀၀ နဲ့ အထက်၊ တချို့နေရာတွေက ၆၀၀ လောက်အထိ ပေါက်တယ်။ မြေယာကောင်း ထောင့်ကွက်လို နေရာမျိုးတွေဆိုရင်။ အဆောက်အအုံ မပါဘူး မြေကွက်အလွတ်က။ ၁၀၀ ပတ်လည်က ၆၀၀ ကနေပြီးတော့ အဲဒီအထိအထက်ပေါ့။ ၁၂၀ ပတ်လည်က သိန်း ၈၀၀ ရဲ့အထက်ပေါ့”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးကျော်စွာမြင့်က ပြန်လည် ဖြေကြားသည်။

ဒက္ခိဏသီရိမြို့သစ် ဖော်ဆောင်ရာတွင် မြေယာများကို မည်ကဲ့သို့ လျှောက်ထား ဝယ်ယူခဲ့ရသလဲဆိုသည့် မေးမြန်းမှုကို “နေပြည်တော် စည်ပင်က ချပေးတာ။ ဒက္ခိဏသီရိမြို့သစ်ဆိုတာ နေပြည်တော်စည်ပင်က ဖော်ဆောင်တဲ့ ကွက်သစ်၊ ဥတ္တရသီရိဆိုလည်း အဲဒီလိုပဲ နေပြည်တော်စည်ပင်ကဖော်တဲ့ မြို့ကွက်သစ်။ (လက်ရှိအချိန်အထိ ချထားပေးသလား) မရှိဘူး။ ဒီအစိုးရတက်တဲ့ နောက်ပိုင်းမှာ မြေကွက် ထပ်ပြီးတော့ ချမပေးဘူး။ အရင်အစိုးရ လက်ထက်ကပဲ ချပေးခဲ့တာ။ ဒီအစိုးရ လက်ထက်မှာ မြေကွက်တွေ ရောင်းတာတွေ လာတွေလည်း လုပ်မပေးဘူး။ အကွက်သစ်လည်း မဖော်သေးဘူး” ဟု ဦးကျော်စွာမြင့်က ဖြေကြားသည်။  

လက်ရှိတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပါတီရုံးခွဲ ဖွင့်လှစ်ရန် ဝယ်ယူထားသည်ဆိုသည့် မြေကွက်နှင့် နီးကပ်သည့် ထန်းတပင် ရပ်ကွက်အတွင်းရှိ ပေ ၄၀ x ၆၀ မြေကွက်များသည် ကျပ်သိန်း ၂၀၀ ဝန်းကျင်၊ ပေ ၆၀ x ၁၀၀ မြေကွက်များသည် ကျပ်သိန်း ၇၀၀ နှင့် ၁၀၀၀ အကြား၊ ပေ ၁၀၀ ပတ်လည် မြေကွက်များသည် ကျပ်သိန်း ၈၀၀ နှင့်အထက် ပေါက်စျေးရှိနေကြောင်း သိရသည်။          


READ NEXT
Cancel OK