Top News

ရန်ကုန် စည်ပင်ပြင်ပနယ်နိမိတ် ၁၂ မြို့နယ်အနက် ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မြေဖြစ်သော လှည်းကူးမြို့နယ်သည် ဘတ်ဂျက်ပိုမို ရရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ
24htopnews | September 13, 2024 3:12 PM CST

ရန်ကုန် စည်ပင်ပြင်ပနယ်နိမိတ် ၁၂ မြို့နယ်အနက် ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်သည် ဘတ်ဂျက် ပိုမိုရရှိနေကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်းပြီး  ဦးကျော်ဇေယျက ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘတ်ဂျက်ကို ဆွေးနွေးတဲ့အခါမှာလည်း အကြမ်းဖျင်း ဆွေးနွေးတုန်းက တင်ပြခဲ့ပါတယ်။ လှည်းကူးမြို့နယ် များနေတယ်။ များနေတယ်။ သို့သော်လည်းပဲ အတိုးအလျှော့တော့ လုပ်တယ်။ လှည်းကူးမြို့နယ်ကို တစ်ပြားသားမှ မလုပ်ပါဘူး။ ဒါကြောင့်လည်း ဒီလွှတ်တော်မှာ ဆွေးနွေးနေရတာပါ၊ နို့မို့ဆို ကျွန်တော်တင်ပြတဲ့ အတိုင်းသာ အကြမ်းဖျင်း တင်ပြတုန်းက လျှော့ခဲ့ရင် ဒီနေရာမှာ တင်ပြစရာတောင် မလိုပါဘူး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ထို့ပြင် စည်ပင်သာယာရေးအတွက် လှည်းကူးမြို့နယ်တွင် ကျပ်သန်း ၆၈၀ သုံးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသန္တရစီမံကိန်း ရည်မှန်းချက်တွင် စည်ပင်ပြင်ပမြို့နယ်နှင့် အတွင်းမြို့နယ်များအား ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“စည်ပင်ပြင်ပမြို့နယ်တွေ ဟန်ချက်ညီဖို့ နေနေသာသာ ဘယ်လိုလည်း ငွေသုံးတာတွေက မညီမျှတော့ဘူး။ ဒါတွေက လွှတ်တော်ထဲမှာ ခဏခဏပြောတယ်။ မြို့နယ်အကျယ်အဝန်းကို မူတည်တာလား၊ အိမ်ခြေကို မူတည်တာလား၊ လူဦးရေကို မူတည်ပြီး ပေးနေတာလား၊ အရင်အပတ်တုန်းက LED မီးလုံး ၁၁ မြို့နယ် ဝေတာတောင် လှည်းကူးမြို့နယ် အများဆုံး” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းအပြင် ကျေးလက်လမ်းအတွက် ဘတ်ဂျက်တွင်လည်း လှည်းကူးမြို့နယ်သည် အများဆုံးဖြစ်ကြောင်း၊ စည်ပင်သာယာရေးတွင် ငွေလုံးငွေရင်းတွင်လည်း လှည်းကူးမြို့နယ်သည် အများဆုံးသုံးကြောင်း၊ ကျေးလက်မှ လုပ်ဆောင်မည့် မြို့တွင်းနှင့် မြို့ပြင်လမ်းများသည်လည်း လှည်းကူးမြို့နယ်မှ အများဆုံးသုံးမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“လှည်းကူးမြို့နယ် လမ်းတွေ ဖြည့်စွက်ဘတ်ဂျက်မှာ တောင်းတဲ့အခါ ပြည်တော်သာရပ်ကွက်မှာ လမ်းတို သုံးတယ်။ ပြည်တော်သာ တစ်လမ်း လမ်းတိုခင်းတယ်။ နှစ်လမ်း သုံးလမ်းကို မခင်ဘူးလားဆိုပြီး မူလဘတ်ဂျက်ကို ပြန်ကြည့်တဲ့အခါမှာ ပြည်တော်သာရပ်ကွက်မှာ ခင်းတဲ့ လမ်းတွေ ၁၃ လမ်း အကုန်ခင်းပြီးသွားပြီ။ ကျွန်တော် ရှင်းရှင်းလင်းလင်း တင်ပြရရင် လှည်းကူးမြို့နယ်က ပြည်တော်သာရပ်ကွက်ကြီးက ရွှေတောင်ကြားရပ်ကွက်ကြီး ဖြစ်နေပါပြီ။ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားတာက ဟန်ချက်ပျက်နေတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း တင်ပြတာပါ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ဖြည့်စွက်ဘတ်ဂျက်၊ မူလဘတ်ဂျက်များအား အသုံးပြုမည်ဆိုပါက မြို့နယ် ၄၅ မြို့နယ်အား ဟန်ချက်ညီအောင် အသုံးပြုသင့်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်းပြီး  မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ဆွေးနွေးရာတွင် “ ဘတ်ဂျက် အနေအထားအရ လက်ခံရမယ် ဆိုပေမဲ့၊ ဦးကျော်ဇေယျ တင်ပြသလို မြို့နယ်အလိုက် သင့်တင့် မျှတတဲ့ ဘတ်ဂျက်နဲ့ လုပ်ငန်းအရေအတွက်တွေ ဖြစ်သင့်တယ်လို့ အကြံပြုတင်ပြအပ်ပါတယ်” ဟု  ထောက်ခံပြောကြားသည်။

 


READ NEXT
Cancel OK