Top News

အင်္ဂလန်၏ဆီမီးပွဲစဉ်ကို ကွင်းအတွင်း လာရောက်အားပေးရန် အသင်းပရိသတ်များအား စပါးအသင်း မှားယွင်းဖိတ်ကြားခဲ့
24htopnews | September 13, 2024 2:12 PM CST

ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှ အင်္ဂလန်အသင်း ထွက်ခဲ့ရသော်လည်း စပါးအသင်းသည် နိုင်ငံလက်ရွေးစင်အသင်း၏ဆီမီးဖိုင်နယ်ပွဲစဉ်ကို အိမ်ကွင်းဖြစ်သည့် Tottenham Hotspur Stadium အတွင်း ရုပ်သံဖန်သားပြင်မှတစ်ဆင့် လာရောက်အားပေးရန် ပရိသတ်များအား ဖိတ်ကြားထားသည့်အီးမေးလ်ကို မှားယွင်းပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအီးမေးလ်တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ရုပ်သံပြသမှုများအတွက် ကမ္ဘာ့အဆင့်မီ ကွင်းတစ်ကွင်းဟု ခေါင်းစီးရေးသားထားပြီး Tottenham Hotspur Stadium ကွင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းကို စောင့်ကြည့်ကြရန်နှင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲ၏ စိတ်လှုပ်ရှားမှု၊ ဇာတ်လမ်းစုံအဖုံဖုံကို တွေ့ကြုံ ရနိုင်ကြောင်း ရေးသားခဲ့သည်။

ထို့ပြင် ဗိုလ်လုပွဲတစ်နေရာစာအတွက် အင်္ဂလန်အသင်း၏ပွဲသည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည(၇)နာရီအထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး ဂါရတ်ဆောက်ဂိတ်၏အသင်းအနေဖြင့် ၁၉၆၆ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲကို ရောက်ရှိနိုင်မလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

ကွင်းအတွင်း နေရာရရန်အတွက် မိမိတို့၏ပွဲစီစဉ်သည့်အဖွဲ့ထံ ဆက်သွယ်ရန်လည်း ယင်းဖိတ်ကြားစာတွင် ရေးသားထားခဲ့သည်။

ယင်းဖိတ်ကြားစာသည် အင်္ဂလန်အသင်း ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် စပါးပရိသတ်များ၏ အီးမေးလ်များသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tottenham Hotspur Stadium သည် စပါးအသင်း၏အိမ်ကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားသည့်အပြင် လက်ဝှေ့ပွဲများ၊ အခြားပွဲများကိုလည်း လက်ခံကျင်းပပေးလျက်ရှိသည်။

အင်္ဂလန်-ပြင်သစ်ပွဲကို ဗြိတိန်တွင် ရုပ်သံမှကြည့်ရှုသူ (၂၃)သန်းရှိခဲ့ပြီး ယင်းပွဲနှင့် ပတ်သက်သည့် သတင်းများသည် စပါးအသင်း၏ Marketing Team ထံသို့ ရောက်ခဲ့ခြင်းမရှိကြောင်း Daily Mail က လှောင်ပြောင်ခဲ့သည်။


READ NEXT
Cancel OK