Top News

(၇)နှစ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစု နှစ်စဉ်အမြတ်ဝေစုမယူရန် ဆုံးဖြတ်ခဲ့
24htopnews | September 13, 2024 2:12 PM CST

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း (၇)နှစ်ကာလအတွင်း ပထမဆုံးအဖြစ် နှစ်စဉ်အမြတ်ဝေစုမယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအား ပြန်လည်ရောင်းချရန် စီစဉ်နေသည့် ဂလေဇာမိသားစုသည် ၂၀၂၂-၂၃ ရာသီ ဘဏ္ဍာနှစ်တွင် အမြတ်ဝေစုရယူခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်အမြတ်ဝေစုမှာ ကုမ္ပဏီတစ်ခုက ရရှိသည့်အမြတ်အစွန်းကို အစုရှယ်ယာရှင်များထံ ပုံမှန်ပေးအပ်သည့်ပမာဏဖြစ်ပြီး မန်ယူအသင်းဘုတ်အဖွဲ့တွင် ဂလေဇာမိသားစုဝင် (၆)ဦးအထိ ပါဝင်သဖြင့် ၎င်းတို့သာ အဓိကရရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီတွင် ဖလားလက်မဲ့အခြေအနေ ရင်ဆိုင်ခဲ့ရပြီး ပေါင် (၁၁၅ .၅) သန်း အရှုံးပေါ်ခဲ့သော်လည်း ရှယ်ယာရှင်များအား ပေါင် (၃၃.၆)သန်း ပေးချေခဲ့ရကာ ၎င်းတို့အနက် ဂလေဇာမိသားစုက ပေါင်(၁၁)သန်းရရှိခဲ့သောကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။

သို့သော် ယခုရာသီတွင် နှစ်စဉ်အမြတ်ဝေစုမယူမည့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မန်ယူအသင်းအားပေးသူများအဖွဲ့ဖြစ်သည့် MUST က ထုတ်ပြန်ခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီအတွက် ပထမသုံးလပတ် (ဇူလိုင်မှ စက်တင်ဘာ) ဘဏ္ဍာရေးရှင်းတမ်းကို ဒီဇင်ဘာ(၈)ရက်တွင် ထုတ်ပြန်ကြေညာရာ ပေါင်(၁၄၃.၇)သန်း ဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် (၁၃.၆) ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သောကြောင့် လစာပေးချေမှု (၂၅)ရာခိုင်နှုန်းလျှော့ချရမည်ဖြစ်ရာ ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့သောကြောင့် ပေါင်(၂၅)သန်း သက်သာသွားမည်ဖြစ်သည်။

နွေရာသီအပြောင်း အရွှေ့ကာလတွင် လီဆန်ဒရိုမာတီနက်ဇ်၊ ကက်စီမီရို၊ အန်တိုနီ၊ အဲရစ်ဆင်၊ မာလာစီယာတို့ကိုခေါ်ယူခဲ့သော်လည်း ပထမသုံးလပတ်အတွင်း လစာပေးချေမှုမှာ ယခင်နှစ် ကာလတူထက် (၆.၂)ရာခိုင်နှုန်း လျော့ကျသွားကြောင်း သိရသည်။

ထို့ပြင် ယခုရာသီအတွက် လစာပေးချေမှုအသုံးစရိတ်ကို အခွန်မဆောင်မီ ပေါင်သန်း (၁၀၀-၁၁၀)မှ ပေါင် (၁၂၅-၁၄၀) သန်းအထိလျှော့ချနိုင်ရန် ခန့်မှန်းထားကြောင်း မန်ယူအသင်းက ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK