Top News

ကျောက်စိမ်း အရိုင်းထည်အပေါ်၁၅ ရာခိုင်နှုန်းကောက်ခံမှုသည် များပြားလွန်းနေ၍ ၁၀ ရာခိုင်နှုန်းသာကောက်ခံသင့်ပြီး အခွန်အကောက်များနေသည့်အတွက် တရုတ်နိုင်ငံတွင် ကျောက်စိမ်းစျေးကွက်ဖြစ်ပေါ်နေဟု လွှတ်တော်ကိုယ်စားလှယ်ထောက်ပြ
24htopnews | September 12, 2024 1:12 PM CST

၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတွင် ကျောက်စိမ်းအရိုင်းထည်များအပေါ် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဖော်ပြထားချက်သည် များပြားလွန်းနေ၍ ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပြီး ကျောက်စိမ်းအပေါ်အခွန်အကောက်များနေသည့်အတွက် တရုတ်နိုင်ငံတွင် ကျောက်စိမ်းစျေးကွက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ထောက်ပြဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးခင်မောင်မြင့်က “ရတနာခွန်နဲ့ပတ်သက်ပြီး ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်မှာလည်းကောင်း၊ ကျောက်စိမ်းအရိုင်းထည်တွေကို  ၁၅ ရာခိုင်နှုန်းကောက်မယ်လို့ ဖော်ပြထားပါတယ်။ ၁၅ ရာခိုင်နှုန်းအခွန်အကောက်ဟာ အလွန်များပြားတဲ့အတွက် ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ကျောက်စိမ်းထွက်ရှိနေပြီးတော့ တရုတ်နိုင်ငံမှာ ကျောက်စိမ်းစျေးကွက်ဖြစ်ပေါ်နေရခြင်းဟာ ကျောက်စိမ်း အပေါ်အခွန်အကောက်များတဲ့အတွက် တစ်ဖက်နိုင်ငံမှာ ကျောက်စိမ်းကမ္ဘာ့စျေးကွက် ကြီးဖြစ်နေရခြင်းဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့ သည်။

တရုတ်ပြည်တွင် ကျောက်စိမ်းစျေးကွက် ဖြစ်ပေါ်လာသောကြောင့် ကျောက်စိမ်းဖြင့် တိုးတက်ဖွံ့ဖြိုးလာနေသော ကမ္ဘာ့အဆင့်မီ မြို့ကြီးများအဖြစ် ကွမ်ကျိုး၊ ရွှေလီ စသည့် မြို့ ငါးမြို့ပေါ်ထွန်းခဲ့ကြောင်း၊ ကျောက်စိမ်း အရောင်းဆိုင်များနှင့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ မြန်မာပြည်တွင်းရှိ ကျောက်စိမ်းထွက်ရှိရာဒေသ ဖြစ်သည့် ဖားကန့်၊ လုံးခင်း စသည့်ဒေသများတွင် ကတ္တရာလမ်းကောင်းကောင်းပင် မရှိသေးကြောင်း၊ ကျောက်မျက်စျေးပင် မရှိသေးကြောင်း၊ ကျောက်စိမ်းကို တရုတ်ပြည်သို့ လွတ်လပ်စွာကိုင်တွယ်ရောင်းခွင့်ရှိအောင်  သက်ဆိုင်ရာဝန်ကြီးဌာနများမှ လိုင်စင် သို့ မဟုတ် ပါမစ်များပြုလုပ်ရန် များစွာလိုအပ်ကြောင်း ဦးခင်မောင်မြင့်က ဆွေးနွေးခဲ့သည်။

ထို့ပြင် ကျောက်စိမ်းလက်ဝယ်ထားရှိ မှုကြောင့် ဖမ်းဆီးခံရသည်မှာ ပြည်နယ်သူ၊ ပြည်နယ်သား၊ တိုင်းရင်းသားများဖြစ်ပြီး ဥပ ဒေမညီမျှမှုကြောင့် အဖမ်းခံရပြီး အခက်အ ခဲများ တွေ့ကြုံရလျက်ရှိကြောင်း၊ ကျောက်စိမ်းအချောထည်လုပ်ငန်းကို  နိုင်ငံခြားသားများကို ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံခွင့်နှင့် လုပ်ပိုင်ခွင့်ပြုထားပြီဖြစ်ကြောင်း၊ အချောထည်လုပ်ငန်းဖွံ့ဖြိုးအောင် အချောထည် လုပ်ထားပြီးသား ကျောက်စိမ်းအချောထည်များကို တစ်ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု ဥပဒေဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံခြားရောက်မှသာ အချောထည်ကို ငါးရာခိုင်နှုန်းကောက်ခံခြင်းဖြစ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

ကျောက်စိမ်းအရိုင်းနှင့် ဖြတ်သားများကို နေပြည်တော်တွင် ယူရိုငွေဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယင်းသို့ရောင်းချရာတွင် ကျောက်မျက်အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံကြောင်း၊ ကျောက်မျက်ရတနာရောင်းချပွဲ တွင် ကန့်သတ်လိုက်သည့်အတွက် ပြပွဲတင်ခွင့်မရသည့် အချို့ကုမ္ပဏီများအနေဖြင့် ကျောက်မျက်ပြပွဲများကို စောင့်ဆိုင်းမနေတော့ဘဲ တရုတ်နိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ပို့ဆောင်ပြီး ရောင်းချကြကြောင်း၊ ရောင်းချသည့်ကျောက်စိမ်းများကို အဂတိတရားကင်းရှင်းသော One Stop Service ဖြင့်သာ အခွန်အကောက်ဆောင်ရွက်သင့်ပြီး အခွန်အကောက်ကိုလည်း ၁၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ကြောင်း ဦးခင်မောင်မြင့်က ဆွေးနွေးခဲ့သည်။

 

 


READ NEXT
Cancel OK