Top News

ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကို ဂုဏ်ပြုကြောင်းနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ရန် NLD ပါတီ ဖိတ်ခေါ်
24htopnews | September 6, 2024 3:13 PM CST

ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကိုဂုဏ်ပြုကြောင်းနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးမှုအပေါ် ဂုဏ်ပြုကျေးဇူးတင်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်တွင် အဆိုပါအချက်ကို ယှဉ်တွဲဖော်ပြထားသည်။

ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒနယ်အပေးအယူလုပ်ခြင်းအပါအဝင် ညှိနှိုင်းဆောင်ရွက်မှုများမရှိခဲ့သော်လည်း ရွေး ကောက်ပွဲအပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် လက်တွဲဆောင်ရွက်မည့် သဘောထားရှိနှင့်ပြီးဖြစ်သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ အားလုံးရဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားရာမှာ မဟာမိတ်တွေအဖြစ် လက်တွဲကြမယ်ဆိုတာ ထပ်လောင်းပြီး အတည်ပြုလိုက်တာပဲဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်ကလည်း အစိုးရဖွဲ့စည်းရေးအပေါ် မပြောနိုင်သေးသော်လည်း တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဟု နိုဝင်ဘာ ၁၇ ရက်က ပြောကြားထားသည်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာက ဆွေးကိုဆွေးနွေးသွားမှာပါ။ အဲဒါကတော့ သေချာပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာ ၁၇ ရက်တွင် Zoom Application ဖြင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

NLD ပါတီအနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်နှင့် ပါတီကဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် အကြောင်းကြားစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ဖိတ်ခေါ်မှုမှာ အပြုသဘောဆောင်ပြီး တစ်စုံတစ်ရာအသိအမှတ်ပြုသည့် သဘောသက်ရောက်၍ အခြေခံအားဖြင့် ကြိုဆိုသော်လည်း စစ်မှန်သော ရည်ရွယ်ချက် ဟုတ်၊ မဟုတ်ကိုမူ စောင့်ကြည်ရမည်ဟု တိုင်းရင်းသားပါတီအချို့က NLD ပါတီ၏ အကြောင်းကြားစာနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။

“တိုင်းရင်းသားအရေးကို မည်မည်ရရ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ပြောတာ မကြားရတော့ဘူး။ အခုမှ ၂၀၂၀ မှာ တစ်ခါ ၂၀၁၅ တုန်းကလို အနိုင်ရလာတဲ့အခါကျတော့ ပြောလာတဲ့အပေါ် ကျွန်တော်တို့က နည်းနည်းလေးတော့ အံ့သြတယ်လို့ ပြောရမှာပေါ့။ အံ့သြတယ်ဆိုပေမဲ့ တကယ်ပဲ ပြည့်ပြည့်ဝ၀ အကောင်အထည်ဖော်နိုင်မယ်။ အစစ်အမှန် လုပ်ဆောင်ပေးမယ်ဆိုရင်တော့ လက်ကမ်းကြိုဆိုရမှာပေါ့” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောင်ယှဉ်ပြိုင်သည့် တိုင်းရင်းသားပါတီ ၄၈ ပါတီရှိသည့်အနက် တိုင်းရင်းသားပါတီ ၁၇ ပါတီမှ   ကိုယ်စားလှယ်အချို့ ရွေးချယ်ခံခဲ့ရသည်။

NLD ပါတီအနေဖြင့် ၂၀၁၅ နည်းတူ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် မဲဆန္ဒနယ်အား လုံး၏ ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီးယင်း မှာ ၈၂ ရာခိုင်နှုန်းအနိုင်ရခဲ့သည့် ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို ကျော်လွန်အနိုင်ရခြင်းဖြစ်ကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများ၏ ယုံကြည်ထောက်ခံမှုဖြင့် အောင်နိုင်ခဲ့ခြင်းဖြစ်၍ ပြည်သူများ၏ မျှော်လင့်ချက်များ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းရေး၊ နိုင်ငံတော်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ တက်ကြွနိုးကြားစွာပါဝင်မှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအဖြစ် ယှဉ်ပြိုင်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ရွေးချယ်မခံရသော ကိုယ်စားလှယ်လောင်းများ၏ ကြိုးပမ်းမှုကို ကျေးဇူးတင်အသိအမှတ်ပြုကြောင်းနှင့်အတူ AA အဖွဲ့၏ ဖမ်းဆီးမှုခံရသော တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အထူးချီးမွမ်း ဂုဏ်ပြုစကားဆိုထားသည်။

ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည် ဒီမိုကရေစီ၏ ရေသောက်မြစ်ဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ပေါ်ရေးကို အထိနာသည့်အတွက် တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း NLD ပါတီက ထုတ်ပြန်သည်။

 


READ NEXT
Cancel OK