Top News

အထွေထွေရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်၍မရဘဲ ရွေးကောက်ပွဲ မကျင်းပခဲ့သည့် နေရာများ၌ ပြန်လည်ကျင်းပပေးရန် တောင်းဆိုမှုသည် အသစ်ဖြစ်နေသဖြင့် ရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
24htopnews | September 6, 2024 3:13 PM CST

အထွေထွေရွေးကောက်ပွဲအပြီး တစ်နှစ်အတွင်း ဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်၍မရဘဲ ရွေးကောက်ပွဲမကျင်းပခဲ့သည့် နေရာများ၌ ပြန်ကျင်းပပေးရန် တောင်းဆိုမှုသည် အသစ်ဖြစ်နေသဖြင့် ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

နိုဝင်ဘာ ၁၇ ရက်က Zoom စနစ်ဖြင့် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံမှုတွင် ရွေးကောက်ပွဲ မကျင်းခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုမှုများရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘဲ ရွေးကောက်ပွဲနောက်ဆက်တွဲအဖြစ် လုပ်၍ရနိုင်ကြောင်း ပြောဆိုမှုများရှိနေသဖြင့် ယင်းကိစ္စအပေါ် NLD ပါတီ၏ သဘောထားကို သိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုတာ Independent Institution ပေါ့။ လွတ်လပ်တဲ့အဖွဲ့အစည်းပါ။ အဲဒီတော့ ရွေးကောက်ပွဲတစ်ခုအောင်မြင်စွာ ကျင်းပဖို့ မကျင်းပခင်ကတည်းက ဘယ်နေရာတွေမှာ ကျင်းပလို့ရတယ်။ ဘယ်လိုလုံခြုံရေးယူမလဲဆိုတာ စဉ်းစားပြီးမှလုပ်ရပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းထဲမှာဆိုရင် လုံခြုံရေးပေးဖို့ဆိုတာ အထူးရဲတွေလုပ်ပြီးတော့ ရွေးကောက်ပွဲကို လုံခြုံရေးဆောင်ရွက်ခဲ့ကြတယ်။ နယ်ခရိုင်ရဲအပြင် မလုံလောက်တဲ့အတွက် အထူးရဲတွေကို ခန့်အပ်ခဲ့တယ်။ မန္တလေးတိုင်းအတွင်းမှာ ၁၀ နေရာလောက်က လုံခြုံရေးကိုရဲနဲ့တင်မရပါဘူး။ ဘာလို့ဆိုတော့ အဲဒီနားမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေရှိတယ်ဆိုတဲ့အတွက် ၁၀ မြို့နယ်မှာ တပ်မတော်က လုံခြုံရေးပေးရပါတယ်။ အဲဒီလိုလုံခြုံရေးပေးလို့ အဲဒီလိုနေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ပါတယ်။ ရွေးကောက် ပွဲလုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့  မလုံလောက်ဘူးဆိုရင် တပ်မတော်က ထမ်းဆောင်ပေးရပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ လုပ်ရပါတယ်။ ရွေးကောက်ပွဲကို စီမံတာလုပ်ဆောင်တာက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပဲ ဆုံးဖြတ်မှာပါ။ ဥပဒေအရဆိုရင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးလို့ရှိရင် တစ်နှစ်မလုပ်ရဘူး။ နောက်နောင် ကြားဖြတ်ရွေးကောက်ပွဲကို ဆက်လုပ်ရမယ်။ ဒါကအသစ်ဖြစ်နေတဲ့အတွက် ဒါကပြည်ထောင်စုရွေးကောပ်ပွဲ ကော်မရှင်ကဆုံးဖြတ်ရမှာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ရခိုင်ပြည်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် နယ်မြေများ၌ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်ကိုမေတ္တာရပ်ခံကြောင်း AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ AA အဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် ကျန်ရှိသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်က နိုဝင်ဘာ ၁၂ ရက်၌ပင် သတင်းထုတ်ပြန်ခဲ့သည်။

အလားတူရွေးကောက်ပွဲကျင်းပရန် ကျန်ရှိသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပရန် UEC အား ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP က နိုဝင်ဘာ ၁၃ ရက်တွင် တိုက်တွန်းကြောင်း စာပေးပို့ခဲ့သည်။

ရခိုင်ပြည်နယ်တွင်မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပခဲ့သည့်မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးစုစုပေါင်း ကိုးမြို့နယ်ဖြစ်ပြီး ကျန်မြို့နယ်များတွင် ရွေးကောက် ပွဲကျင်းပခဲ့သော်လည်း အဆိုပါကျင်းပခဲ့သည့် မြို့နယ်များ၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အချို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပေ။

မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပခဲ့သည့် ရခိုင်ပြည်နယ်ကိုးမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုးနေရာနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခုနစ်နေရာ စုစုပေါင်း ၁၆ နေရာ ပါဝင်သည်။

အလားတူရှမ်းပြည်နယ်တွင် မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ မကျင်းပသည့် မြို့နယ်ခြောက်မြို့နယ်ရှိပြီး အဆိုပါမြို့နယ်များအနက် မိုင်းလား၊ ပန်ဆန်း(ပန်းခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်တို့သည် ၂၀၁၅ ရွေးကောက်ပွဲ၌လည်း ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များဖြစ်ပြီး မိုင်းကိုင်မြို့နယ်တစ်ခုသာ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံတိုးလာခြင်းဖြစ်သည်။

မိုင်းကိုင်မြို့နယ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ကျေးရွာအချို့တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအပေါ် ကန့်သတ်မှုများ ပြုလုပ်သည့် ဖြစ်စဉ်အချို့ရှိခဲ့ကြောင်း တပ်မတော်ဘက်မှ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အဆိုပါ မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ယင်းမဲဆန္ဒနယ် လူတစ်သောင်းကျော်၏ လက်မှတ်များနှင့်တကွ ရွေးကောက်ပွဲမတိုင်မီက တင်ပြခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ဒေသစာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိပေ။ သို့ရာတွင် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲမပြုလုပ်ခြင်းမှာ ဖြစ်သင့်ကြောင်း အဆိုပါမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် တအာင်း (ပလောင်)အမျိုးသားပါတီ တာဝန်ရှိသူအချို့က ထုတ်ဖော်ပြောကြား ထားသည်။

 


READ NEXT
Cancel OK