Top News

ပျော်ဘွယ်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှုများရှိခဲ့ခြင်းကြောင့် ပါတီထောက်ခံသူများက ကန့်ကွက်လိုသည့်အတွက် လက်မှတ်ကောက်ခံမှုပြုလုပ်နေပြီး UEC သို့ တင်ပြမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား
24htopnews | September 6, 2024 3:13 PM CST

ပျော်ဘွယ်မဲဆန္ဒနယ်တွင် ကြိုတင်မဲနှင့် ဆန္ဒမဲပေးသည့်နေ့များတွင် မမှန်မကန်ဆောင်ရွက်ခဲ့ခြင်း၊ တရားမဲ့ပြုကျင့်မှုများရှိခဲဲ့့ခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများက ကန့်ကွက်လိုသည့်အတွက် လက်မှတ်ကောက်ခံမှု ပြုလုပ်နေပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရန် ဆောင်ရွက်နေကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

ယခုလက်မှတ်ကောက်ခံမှုသည် ရွေးကောက်ပွဲမဲရလဒ်ကို ကန့်ကွက်ရန်ထက်  အဆိုပါမဲရလဒ်ထွက်ပေါ်အောင် ဆောင်ရွက်ခဲ့သည့် မတရားမှုများကို ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ပြောကြားသည်။

“မြို့နယ်တစ်မြို့နယ်လုံးမှာ ကန့်ကွက်မယ့်လူတွေအကုန်လုံး လက်မှတ်ထိုးတာပေါ့။ ငါတို့က နေရာတွေ ကန့်ကွက်တာမဟုတ်ဘူး။ ရွေးကောက်ပွဲက မမှန်မကန်နဲ့ မမျှမတဘူး၊ တရားမဲ့မှုတွေဖြစ်နေတဲ့အတွက် ဒါကို တရားမျှတမှုရအောင် ကန့်ကွက်တာလေ။ လွှတ်တော်နေရာတွေကို ကန့်ကွက်တာမဟုတ်ဘူး။ ငါတို့မဲရတဲ့ရလဒ်နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ ဘာမှလည်းမပြောဘူး။ မတရားလို့ ဒီမဲတွေရကုန်တာလေ။ ဒီမဲတွေရတာကို သွားကန့်ကွက်ရင် သစ်ပင်မခုတ်ဘဲနဲ့ သစ်သီးပဲဖြုတ်ချသလို ဖြစ်နေမှာပေါ့။ ရှုံးသွားတာ၊ နိုင်သွားတာက ပြဿနာမရှိဘူး။ သို့သော်လည်းပဲ လူထုက မခံနိုင်ဘူးလေ။ အမှန်တရားကို မျက်ကွယ်ပြုတဲ့ သဘောဖြစ်တော့ လူထုက မခံချင်လို့ ဒီဟာကိုလုပ်တာ။ ပြောချင်တာကတော့ တရားမျှတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ မတရားတဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက်တာပဲ။ ပြည်သူတွေက အားလုံးတစ်ညီ တစ်ညွတ်တည်း သူတို့ကန့်ကွက်ရင် ငါတို့လည်း ကန့်ကွက်တာပေါ့။ တရားမဲ့မှုတွေ လုပ်နေတာကို ကန့်ကွက်တာပါ” ဟု ဦးသောင်းအေးက ပြောကြားသည်။

ထိုသို့ကန့်ကွက်မှုများကို ပြည်သူများက လုပ်ဆောင်လိုသည့်အတွက် စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် လက်မှတ်များ ကောက်ခံဆဲဖြစ်ပြီး အချို့လက်မှတ်များ ရောက်ရှိနေပြီဖြစ်ကာ အားလုံးပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူတို့ လုပ်နေကြတုန်းပဲ။ တချို့တလေတော့ ရောက်ပြီပေါ့။ ပြောရမယ်ဆိုရင် ပျော်ဘွယ်ဟာ ပြည်ခိုင်ဖြိုးမြို့နယ်လို့တောင် ပြောလို့ရတယ်။ NLD ကို ထောက်ခံအားပေးတဲ့သူက အင်မတန်နည်းပါတယ်။ မြို့ပေါ်လောက်ပဲရှိတယ်။ ရွာတွေမှာ တချို့ရွာတွေဆိုရင် လုံးဝမရှိဘူးပေါ့။ တချို့ရွာတွေမှာကျတော့ အနည်းငယ်ရှိတာပေါ့။ အဲဒီလိုအနေအထားကနေ အခုလုံးဝပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ ရှုံးသွားတယ်ဆိုတော့ လူထုက တော်တော်မကျေမနပ်ဖြစ်တယ်လေ။ မကျေမနပ်ဖြစ်တော့ ဒီဟာ ဘယ်လိုဖြစ်တာလဲပေါ့။ နောက်ပြီးတော့ တက်ကြွတဲ့ တချို့ရွာသူရွာ သားတွေကျတော့ အဲဒီမှာ မဲပေးတဲ့ကိစ္စတွေ၊ ကြိုတင်မဲပေးတဲ့ကိစ္စတွေ၊ နောက် ၈ ရက်နေ့မှာ မဲပေးတဲ့ကိစ္စတွေ၊ အဲဒါတွေမှာ မတရားတာတွေ၊ မမှန်မကန်လုပ်တာတွေ သူတို့တွေ့ကြတယ်။ တွေ့ကြတော့ ဒါတွေကို အခြေခံပြီးတော့ ဒီမဲရှုံးတာက တရားမဲ့မှုပေါ့၊ မတရားလုပ်လို့ရှုံးတာလို့ သူတို့ အဲဒီလိုနားလည်လာကြတယ်။ အဲဒါကြောင့်မို့လို့ ဒါကို ဆန့်ကျင်ကန့်ကွက်ချင်တယ်ပေါ့။ အဲဒီတော့ ဆန့်ကျင်ကန့်ကွက်ချင်ရင် တရားမဲ့ပြုကျင့်မှုတွေကို ကန့်ကွက်တယ်ဆိုတဲ့အနေနဲ့ လက်မှတ်ရေးထိုးပြီးတော့ လုပ်ကြတာပါ” ဟု ဦးသောင်းအေးက ပြောကြားသည်။

ပျော်ဘွယ်မဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး ရွေးကောက်ပွဲကာလအတွင်း မဲလိမ်ပေးခြင်းများ၊ အသက်မပြည့်သေးသည့် မဲဆန္ဒရှင်များ ပါဝင်မဲပေးခဲ့ခြင်းနှင့် ဆန္ဒမဲနှစ်ကြိမ် ပေးခြင်းများအပါအဝင် မတရားသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ဦးသောင်းအေးက ဆိုသည်။

“လူတစ်ယောက်တည်းနဲ့ မဲရုံတစ်ရုံထဲမှာကို မဲလက်မှတ်နှစ်စောင်ပေးထားတာတို့၊ မဲသက်သေခံ လက်မှတ်နှစ်စောင် ပေးထားပြီးတော့ ဒါတွေတွေ့တယ်။ နောက်တစ်ခါ ခုနကပြောသလို ဒီမဲရုံတင်မဟုတ်ဘဲနဲ့ တချို့က ဒီမဲရုံလည်းပါတယ်၊ နောက်မဲရုံမှာလည်း ပါတယ်ပေါ့။ အဲဒီလိုမျိုးတွေ၊ မဲတွေက ပွားထားတာပေါ့။ ဆန္ဒမဲပေးနိုင်မယ့်လူတွေကို ပွားထားတယ်။ ရိုးရိုးတန်းတန်း ကိုယ်ရေးအချက်အလက်အပြည့်အစုံနဲ့ ပွားထားတဲ့လူတွေရှိတယ်။ ကိုယ်ရေးအချက်အလက် အပြည့်အစုံမလုပ်ဘဲနဲ့ ကွဲလွဲမှုလေးတွေပေါ့၊ မှတ်ပုံတင်ကတော့ မှန်တယ်။ ကျန်တဲ့ နာမည်တွေလွှဲ၊ မွေးသက္ကရာဇ်တွေလွှဲပြီးတော့ ထည့်ထားတဲ့လူတွေကလည်း အများကြီးပဲ။ ဆိုတော့ မဲပေးနိုင်မယ့်လူကို ဆပွားပစ်လိုက်တာပေါ့။ မဲမသမာမှုလုပ်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒါကြောင့် တရားမဲ့မှုတွေ ဖြစ်နေတယ်ဆိုတာ ရွာသူရွာသားတွေလည်း ရှင်းပြလိုက်တယ်လေ။ သူတို့က မကျေနပ်ကြဘူးပေါ့” ဟု ဦးသောင်းအေးက ပြောကြား သည်။

ရွေးကောက်ပွဲပြစ်မှုများကို ဥပဒေနှင့်အညီ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းနိုင်ပြီး  ရွေးကောက်ပွဲ မတရားမဲ့ပြုကျင့်မှုများနှင့် ပတ် သက်၍ ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းခြင်းသည် စာဖြင့်တင်ရုံဖြင့်မရဘဲ သတ်မှတ်ငွေသွင်း၍ ကန့်ကွက်ရခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ အားကောင်းသည့်  ပျော်ဘွယ်မဲဆန္ဒနယ်တွင် ဦးသောင်းအေးအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲ နှိုင်းယှဉ်ကြည့်ပါက ဆန္ဒမဲရရှိမှုသည် ၈၀၀၀ ခန့်သာ လျော့ကျသွားခဲ့သဖြင့် NLD ပါတီအနေဖြင့် အများဆုံးမဲတိုးပါက နှစ်သောင်းခန့်ထိသာ တိုးသင့်ကြောင်း၊ သို့ရာတွင် NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပျော်ဘွယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ငါးသောင်းကျော်သာ ရရှိခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင် ကိုးသောင်းကျော်ရရှိထားသဖြင့် လေးသောင်းကျော် မဲရလဒ်တိုးလာခြင်းကြောင့် သံသယဖြစ်ဖွယ်လူစာရင်းများကို တွေ့ရှိခြင်းဖြစ်ကြောင်း ဦးသောင်းအေးက ဆိုသည်။

ပျော်ဘွယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမောင်က ၉၈၇၅၅ မဲ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ၇၄၂၇၈ မဲ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးက ၇၆၂ မဲ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဝေလွင်မြင့်က ၆၆၄ မဲ အသီးသီးရရှိခဲ့ကြသည်။

 


READ NEXT
Cancel OK