Top News

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ရဲအရေးပိုင်သောအမှုပေါင်း ၁၀၀ ကျော်နှင့် ကော်မရှင်နှင့်ပတ်သက်သည့် ကန့်ကွက်လွှာ ၇၅၀ ကျော် စာရင်းပြုစုထားပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
24htopnews | September 6, 2024 3:13 PM CST

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသော အငြင်းပွားမှုများနှင့်ပတ်သက်၍ ရဲအရေးပိုင်သောအမှု ၁၀၀ ကျော်နှင့် ကော်မရှင်သို့ ကန့်ကွက်လွှာ ၇၅၀ ကျော်အား စာရင်းပြုစုထားပြီးဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ပြည်သူများသို့ပန်ကြားချက်ဟူသော ရုပ်သံကို ပြည်ခိုင်ဖြိုးပါတီ၏ Facebook Page မှ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်လွှင့်ခဲ့ပြီး အဆိုပါရုပ်သံတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့သည် ဥပဒေကို လေးစားလိုက်နာကြသူများပီပီ ဒီမိုကရေစီဟာ စည်းကမ်းဥပဒေနဲ့တွဲရတယ်လို့ နားလည်ထားကြသူများပီပီ ကျွန်တော်တို့ ဒီနေ့ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်အတိုင်းပဲ ကျွန်တော်တို့ ဆက်ပြီးတော့သွားနေပါတယ်။ ပါတီရဲ့ဆောင်ရွက်မှုတွေအနေနဲ့ဆိုရင် ဒီနေ့ ရဲအရေးပိုင်တဲ့ကိစ္စအမှုပေါင်း ၁၁၀ ကျော် ကော်မရှင်နဲ့ပတ်သက်တဲ့ ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော် ဒါ ဒီနေ့စာရင်းတွေ အမှုတွဲတွေ ပြုစုပြီးပါပြီ။ နောက်ထပ်လည်း ကျွန်တော်တို့ သတ်မှတ်ကာလအတောအတွင်းမှာ နောက်ထပ်နောက်ထပ် ထပ်ပြီးတော့ ရှိလာပါလိမ့်ဦးမယ်” ဟု ဦးသန်းဌေးက ပြောကြားသည်။

ရဲအရေးပိုင်သော အမှုပေါင်း ၁၀၀ ကျော်နှင့် ကော်မရှင်သို့ ကန့်ကွက်လွှာပေါင်း ၇၅၀ ကျော်သည် သက်ဆိုင်ရာဌာနအသီးသီးသို့ အချိန်မီ ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး အဆိုပါဆောင်ရွက်ချက်သည် ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်း၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အထွေထွေရွေးကောက်ပွဲ၏  ရွေးကောက်ခံကိုယ်စားလှယ်များစာရင်းချုပ်ကို ကော်မရှင်က ကြေညာခဲ့ပြီး ရွေးကောက်ပွဲတစ်ခု၏ တရားမျှတမှု ရှိ မရှိ၊ Free and Fair ဖြစ် မဖြစ်ဆိုသည်ကို ဆုံးဖြတ်ခြင်းသည် တစ်ရက်တည်း ကြည့်၍မရဘဲ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မည်ကဲ့သို့ သုံးသပ်ဆုံးဖြတ်သည်ဆိုသည်အထိ ကြည့်ရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။

“အနိုင်ရဖို့အတွက်ဆိုရင် ဘာပဲလုပ်လုပ် လုပ်မယ်။ အနိုင်ရသွားတဲ့အခါမှာ နိုင်သွားရင် လုပ်သမျှမှန်တယ်။ အကုန်မှန်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ လက်တွေ့လုပ်ရပ်မျိုးက တကယ်တမ်းကျတော့ အဲဒါ ဒီမိုကရေစီခေတ်မှာ မရှိသင့်တဲ့ ဒီမိုကရေစီရဲ့ အဓိကရန်သူဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်မှန်တဲ့ ပြည်သူလူထုအများစုရဲ့ ဆန္ဒကိုတော့ မဆန့်ကျင်ဘဲနဲ့ လေးစားလိုက်နာသွားကြရမှာပါ” ဟု ဦးသန်းဌေးက ပြောကြားသည်။

သို့သော်လည်း အနာဂတ်ကို ဦးဆောင်သွားကြမည့် လူငယ်အများစုအတွက် အမှားကို အမှန်ထင်၍ သမိုင်းတွင် ပါမသွားရလေအောင် နေရာအနှံ့တွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ မမှန်မကန်လုပ်ရပ်များကို ဒေသအလိုက်ဖြစ်စေ၊ တစ်ဦးချင်းအလိုက်ဖြစ်စေ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းမည်ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်များစာရင်းချုပ်ကို ထုတ်ပြန်လိုက်ပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းအရ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့သော တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ရဲအရေးပိုင်သော အမှုဖြစ်လျှင် ၁၅ ရက်၊ ကော်မရှင်သို့ ကန့်ကွက်လွှာဖြစ်လျှင် ၄၅ ရက်အတွင်း ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်ဟု ဦးသန်းဌေး ပြောကြားသည်။

ချွတ်ယွင်းချက်များနှင့် အားနည်းချက်များ အများအပြားရှိသည့်ကြားက ကျင်းပခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများ မကြာမီ ထွက်ပေါ်လာမည်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော် ၃၀ ခန့်က ဖြစ်ခဲ့သည့် သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်များကဲ့သို့ပင် ယခုရွေးကောက်ပွဲကို မည်သို့ကျင်းပခဲ့သည်ဆိုသည့် ဖြစ်ရပ်မှန်များ ဆက်လက်ထွက်ပေါ်လာရန်ရှိကြောင်း ဦးသန်းဌေးက ပြောကြားသည်။

 

 


READ NEXT
Cancel OK