Top News

တပ်မတော်နှင့် အရပ်သားအစိုးရ အဆင်မပြေပါက ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စကားလုံးအဖြစ်ပင် မပြောနိုင်သဖြင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစကားပြောနိုင်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား
24htopnews | September 6, 2024 3:13 PM CST

တပ်မတော်နှင့် NLD ဦးဆောင်သည့် အရပ်သားအစိုးရ အဆင်မပြေပါက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို စကားလုံးအဖြစ်ပင် မပြောနိုင်သဖြင့် တပ်မတော်ခေါင်းဆောင်နှင့် NLD ခေါင်းဆောင်တို့ တွေ့ဆုံစကားပြောနိုင်ရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက ပြောကြားသည်။

ရန်ကုန်မြို၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် The Daily Eleven သတင်းစာတို့၏ သီးသန့်တွေ့ဆုံ မေးမြန်းမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“တပ်မတော်နဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ ဆက်ဆံမှုက အင်မတန်မှအရေးကြီးပါတယ်။ အဲဒီဆက်ဆံမှုက အဆင်မပြေရင် အဲဒီငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးက စကားလုံးတောင် မပြောနိုင်ပါဘူး။ ဒါကြောင့်အရပ်သားအစိုးရနဲ့ တပ်မတော်နဲ့ ဆက်ဆံမှုဆိုတာက ဘယ်သူ့ကို အားကိုးရမလဲဆိုရင် အဲဒီတိုင်းပြည်ခေါင်းဆောင်ကြီးနှစ်ယောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဲဒီနှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုရွေးကောက်ပွဲလည်းပြီးပြီ။ ဆိုရင်အဲဒီ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဲဒီလူကြီးပုဂ္ဂိုလ်ကြီးနှစ်ယောက် တွေ့ဆုံပြီးတော့ စကားပြောပြီးတော့ အေးအေးဆေးဆေး စကားပြောနိုင်တဲ့ အဆင့်အခြေအနေ ရောက်လာနိုင်တာကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

အဆိုပါ အခြေအနေသို့ ရောက်ရှိပါက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူ လူထုအားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခုထားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူတိုင်းက စိုးရိမ်စွာ စောင့်ကြည့်နေပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အဓိကတစ်ချက်မှာ တပ်မတော်နှင့် NLD အစိုးရတို့၏ ဆက်ဆံမှုပင်ဖြစ်ကာ အဆိုပါဆက်ဆံမှု အဆင်ပြေစေလိုကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေးနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြားတွင် ငြိမ်းချမ်းရေးဟူသော ပန်းတိုင်အတူတူထားရှိကြသည့်အတွက် အဆိုပါပန်းတိုင်သို့ ရောက်ရှိအောင် သုံးဖွဲ့စလုံးက ကြိုးစားကြရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အကြောင်းမျိုးမျိုးကြောင့် လွတ်လပ်ရေးရပြီးနောက်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် ထိခိုက်နစ်နာမှုများ များစွာဖြစ်ခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ တိုက်ပွဲများ ဖြစ်နေဆဲပင်ဖြစ်ပြီး ယုံကြည်မှုကို အပြည့်အဝ တည်ဆောက်၍ မရသေးကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထု၏ အားလုံး၏ မျှော်လင့်ချက်သည် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်ကိုရောက်ရှိရေးအတွက် အတူလက်တွဲ ကြိုးစားနိုင်ခြင်းကို မျှော်လင့်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK