Top News

၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံး အဆိုတော်စာရင်းတွင် ပေါ့ပ်အဆိုတော် တေလာဆွစ် ဦးဆောင်
24htopnews | September 3, 2024 4:12 PM CST

 

ပေါ့ပ်အဆိုတော် တေလာဆွစ်သည် ၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံး အဆိုတော်စာရင်း၏ နံပါတ် ၁ နေရာတွင် ဦးဆောင်ခဲ့သည်ဟု ကမ္ဘာတစ်ဝန်း တေးသံသွင်းလုပ်ငန်းကို ကိုယ်စားပြုသည့် International Federation of the Phonographic Industry (IFPI) က မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် သြဂုတ်က ဖြန့်ချိခဲ့သည့် ဆွစ်၏ Lover အယ်လ်ဘမ်သည် ကေပေါ့ပ်အကျော်အမော်ဖြစ်သော BTS အပါအဝင် နာမည်ကြီးအဆိုတော်များ၏ အယ်လ်ဘမ်များကို ကျော်တက်ခဲ့သည်ဟု IFPI က ထုတ်ပြန်ခဲ့သည်။

အသက် ၃၀ ရှိပြီဖြစ်သော တေးရေး၊ အဆိုတော် ဆွစ်သည် ကမ္ဘာတစ်ဝန်းသီချင်း ရောင်းချမှုစာရင်း၏ နံပါတ် ၁ နေရာတွင် ဒုတိယအကြိမ်မြောက် ဖော်ပြခံခဲ့ခြင်းဖြစ်သည်။

ဆွစ်သည် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့ သည့် ပဥ္စမမြောက်အယ်လ်ဘမ်  ၁၉၈၉ ဖြင့် ၂၀၁၄ ခုနှစ် ကမ္ဘာတစ်ဝန်း သီချင်းရောင်းချမှုစာရင်း၏ နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။

ဆွစ်၏ သတ္တမမြောက် အယ်လ်ဘမ်ဖြစ်သည့် Lover သည် အကြီးအကျယ်အောင်မြင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ ချပ်ရေ စုစုပေါင်းငါးသန်းကျော် ရောင်းထွက်ခဲ့သည်ဟု လတ်တလောထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

၂၀၁၉ ခုနှစ် ကမ္ဘာတစ်ဝန်း ရောင်းအားအကောင်းဆုံးအဆိုတော်စာရင်း၏ နံပါတ်နှစ်နေရာတွင် ဗြိတိန်အဆိုတော်၊ တေးရေး အက်ဒ်ရှီးရန်က ရပ်တည်နေပြီး ရက်ပ်အဆိုတော် Post Malone နှင့် ယခုနှစ်ဂရမ်မီဆုပေးပွဲတွင် အဓိကဆုများကို သိမ်းပိုက်ခဲ့သည့် ဆယ်ကျော်သက်အဆိုတော် ဘီလီအိုင်းလစ်ရှ်တို့က တတိယနှင့် စတုတ္ထနေရာတွင် ဖော်ပြခံခဲ့ရသည်။

၁၉၇၀ ပြည့်နှစ်တွင် လန်ဒန်၌ ဖွဲ့စည်းခဲ့သည့် ရော့ခ်အဖွဲ့ Queen က အဆိုပါစာရင်း၏ ပဥ္စမနေရာ၌ ဖော်ပြခံခဲ့ရသည်။ Queen အဖွဲ့၏ခေါင်းဆောင်အဆိုတော် ဖရက်ဒီမာကျူရီ၏ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားသည့် Bohemian Rhapsody ဇာတ်ကားကို ၂၀၁၈ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီးနောက် ယင်းအဖွဲ့၏ သီချင်းများသည် တစ်ကျော့ပြန်အောင်မြင် မှုရရှိခဲ့သည်။

အမေရိကန်တေးရေး၊ အဆိုတော် အရီယာနာဂရန်ဒီက အဆိုပါစာရင်း၏ ဆဋ္ဌမမြောက်နေရာတွင် ဖော်ပြခံခဲ့ရပြီး တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS က သတ္တမနေရာတွင် ဖော်ပြခံခဲ့ရသည်။

 


READ NEXT
Cancel OK