Top News

ပေါ့ပ်အဆိုတော် ကေတီပယ်ရီက ကိုယ်ဝန်ရှိနေကြောင်း သီချင်းဗီဒီယိုသစ်တွင် ထုတ်ဖော်
24htopnews | September 3, 2024 4:12 PM CST

 

ပေါ့ပ်အဆိုတော် ကေတီပယ်ရီက မတ် ၄ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော သီချင်းဗီဒီယိုသစ် Never Worn White ၏ အဆုံးသတ်တွင် ၎င်း၏စူထွက်နေသောဗိုက်ကို ပြသခဲ့ပြီး ပထမဆုံး ကိုယ်ဝန်လွယ်ထားရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်ရှိ ပယ်ရီက ၎င်းကိုယ်ဝန်ရှိနေသည့်ကြောင်းအား လျှို့ဝှက်ထားမှုသည် ထိန်းသိမ်းခဲ့ဖူးသမျှ လျှို့ဝှက်ချက်များတွင် အချိန်အကြာဆုံးဖြစ်နိုင်ခြေရှိကြောင်း Instagram တွင် ပြောကြားခဲ့သည်။

I Kissed A Girl နှင့် Roar တို့ကဲ့သို့ သီချင်းများဖြင့် အလွန်အမင်းအောင်မြင်ခဲ့သော ကေတီပယ်ရီတွင် ကိုယ်ဝန်ရှိနေသည့်အကြောင်းကို ၎င်း၏တေးသံသွင်းကုမ္ပဏီ Capitol Music Group က မတ် ၅ တွင် အတည်ပြုပေးခဲ့သည်။

ထိုကလေးသည် ပယ်ရီအတွက် ပထမဆုံး ရင်သွေးဖြစ်မည်ဖြစ်သော်လည်း ၎င်းနှင့်စေ့စပ်ထားသည့် သရုပ်ဆောင်ဖြစ်သူ အော်လန်ဒိုဘလွန်းအတွက်မူ ဒုတိယမြောက်ကလေး ဖြစ်လာမည်ဖြစ်သည်။ The Lord of the Rings ဇာတ်လမ်းတွင် Legolas ဇာတ်ကောင်ဖြင့် ကျော်ကြားသော အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် ဘလွန်းသည် ဇနီးဟောင်းဖြစ်သူ မော်ဒယ်မီရန်ဒါကားရ်နှင့် သားတစ်ဦး ရရှိခဲ့ပြီး အသက်ကိုးနှစ်အရွယ် ရှိပြီဖြစ်သည်။

ထိုသတင်းအား ထုတ်ဖော်လိုက်ရသည့်အတွက် အလွန်အမင်း စိတ်သက်သာရရှိခဲ့ကြောင်း ပယ်ရီက ဟာသလုပ်၍ ပြောကြားခဲ့သည်။ ထပ်မံ လျှို့ဝှက်ထားစရာမလိုတော့ကြောင်းနှင့် မဟုတ်လျှင် ဧရာမ ပိုက်ဆံအိတ်ကို သယ်သွားရသလို ဖြစ်နေကြောင်း ပယ်ရီက Follower ၁၀၈ သန်းကျော်ရှိသော Twitter တွင် ရေးသားခဲ့သည်။

ပယ်ရီသည် ကလေးထိန်းအရည်အချင်းရှိနေပြီးဖြစ်ပြီး ဘလွန်း၏ သားဦးဖြစ်သူ ဖလင်းနှင့် ကောင်းမွန်သောရင်းနှီးမှုရှိထား ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ယခုနှစ်အစောပိုင်းတွင် E! News သို့ ပြောကြားခဲ့သည်။ ထို့ပြင် ပယ်ရီနှင့် ဘလွန်းတို့သည် မင်္ဂလာပွဲများအတွက် ပြင်ဆင်နေကြပြီဖြစ်ပြီး ယခုနှစ်အတွင်း နှစ်ပွဲကျင်းပရန် စီစဉ်နေကြောင်း သီးခြားသတင်းရင်းမြစ်တစ်ဦးကလည်း ပြောကြားခဲ့သည်။

ပယ်ရီနှင့် ဘလွန်းတို့သည် ၂၀၁၆ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲအပြီး ကျင်းပသောပါတီပွဲ၌ စတင်ချစ်ကြိုက်ခဲ့ကြကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ မတ်လမတိုင်မီ ၎င်းတို့နှစ်ဦးက တရားဝင်တွဲနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ယင်းသို့တွဲပြီး  ၁၀ လအကြာ ပြတ်သွားခဲ့သော်လည်း နောက်ဆုံးတွင် ပြန်လည်လက်တွဲခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စေ့စပ်ခဲ့ကြခြင်းဖြစ်သည်။

ပယ်ရီသည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၃ တွင် ဗြိတိန်ဇာတ်မြူးသရုပ်ဆောင် ရပ်ဆဲလ်ဘရန်းနှင့်အတူ အိန္ဒိယနိုင်ငံ ရာဂျ်စတန်သို့ အားလပ်ရက်ခရီးထွက်စဉ်အတွင်း အိန္ဒိယရိုးရာအတိုင်း လက်ထပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြသည်။

သို့သော် လက်ထပ်ပြီးနောက် ၁၄ လသာအကြာတွင် ၎င်းတို့နှစ်ဦးစလုံးက ကွာရှင်းခွင့် လျှောက်ထားခဲ့ကြသည်။

 


READ NEXT
Cancel OK