Top News

ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် မြောက်အမေရိက ရုပ်ရှင်လက်မှတ်ဝင်ငွေရရှိမှု နှစ် ၂၀ နီးပါးအတွင်း အနိမ့်ဆုံးသို့ကျဆင်း
24htopnews | September 3, 2024 4:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို စိုးရိမ်နေမှုကြောင့် ရုပ်ရှင်ကြည့်ပရိသတ်များက နေအိမ်တွင်သာ နေထိုင်ကြပြီး ရုပ်ရှင်ရုံအချို့ကလည်း ရုပ်ရှင်ရုံထိုင်ခုံများအား နေရာခြား၍ ပရိသတ်ဝင်ရောက်မှုအား ကန့်သတ်ထားကြစဉ် မြောက်အမေရိက၏ ရုပ်ရှင်လက်မှတ်ဝင်ငွေရရှိမှုသည် ပြီးခဲ့သောသီတင်းပတ်ကုန်တွင် ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်း ရုပ်ရှင်လုပ်ငန်းစောင့်ကြည့်သူများက ပြောကြားခဲ့ကြသည်။

Pixar ၊ Disney ၏ အန်နီမေးရှင်းဇာတ်ကား Onward သည် လက်မှတ်ဝင်ငွေရရှိမှုတွင် ထိပ်ဆုံး၌ သီတင်းပတ်နှစ်ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သော်လည်း ပထမသီတင်းပတ်ကုန်တွင် ဝင်ငွေဒေါ်လာ ၃၉ သန်းအထိ ရရှိခဲ့ပြီးမှ ဒုတိယသီတင်းပတ်တွင် ဒေါ်လာ ၁၀.၅ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း ရုပ်ရှင်လက်မှတ်ဝင်ငွေ စောင့်ကြည့်သည့်အဖွဲ့ Exhibitor Relations က မတ် ၁၅ တွင် ထုတ်ပြန်ခဲ့သည်။

ခြုံငုံတွက်ချက်မှုအရ ပြီးခဲ့သောသီတင်းပတ်ကုန် လက်မှတ်ဝင်ငွေရရှိမှုသည် ဒေါ်လာ ၅၅ သန်းဝန်းကျင်သာ ရရှိခဲ့ပြီး နှစ် ၂၀ နီးပါးအတွင်း အနိမ့်ဆုံးဖြစ်လာဖွယ်ရှိသည်။ ထိုပမာဏသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ်ကုန် ပထမနှစ်ပတ်တွင် ရရှိခဲ့သော လက်မှတ်ဝင်ငွေများထက်ပင် နည်းပါးနေခြင်းဖြစ်ကြောင်း Hollywood Reporter ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

မြောက်အမေရိကတွင် ရုပ်ရှင်ရုံ ၅၀၀၀ ရှိသည့်အနက် ၁၀၀ ကို လုံးဝပိတ်ပစ်လိုက်ပြီဖြစ်ပြီး အခြားရုံများကိုလည်း ပိတ်ပစ်နိုင်ခြေရှိနေကြောင်း ရုပ်ရှင်လုပ်ငန်း အမှုဆောင်တစ်ဦးက ခန့်မှန်းခဲ့သည်။

Lionsgate ၏ ဇာတ်ကားသစ် I Still Believe သည် ပြီးခဲ့သော သီတင်းပတ်ကုန် လက်မှတ်ဝင်ငွေ ဒေါ်လာ ၉.၅ သန်း ရရှိခဲ့ပြီး ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။ ခရစ်ယာန် အချစ်ဒရာမာဇာတ်ကားထဲတွင် ကန်းထရီး အဆိုတော် Shania Twain လည်း ပါဝင်သရုပ်ဆောင်ထားသည်။

နောက်ထပ် ဇာတ်ကားသစ်တစ်ကားဖြစ်သော Sony ၏ Bloodshot ဇာတ်ကားသည် လက်မှတ်ဝင်ငွေ ခန့်မှန်းခြေဒေါ်လာ ၉.၃ သန်းရရှိပြီး တတိယနေရာ၌ ရပ်တည်ခဲ့သည်။ စူပါဟီးရိုးဇာတ်ကားဖြစ်သော ထိုဇာတ်ကား၌ ဗင်ဒီဇယ်က ပါဝင်ထားသည်။

Universal ၏ သည်းထိတ်ရင်ဖိုဇာတ်ကား The Invisible Man သည် လက်မှတ်ဝင်ငွေ ဒေါ်လာ ၆ သန်းဖြင့် စတုတ္ထနေရာ၌ ရပ်တည်ခဲ့သည်။ သတ်သေသွားသည်ဟု ယူဆရသော အမျိုးသားတစ်ဦးက ၎င်း၏ ရည်းစားဟောင်းအား ခြောက်လှန့်သည့်အကြောင်း ရိုက်ကူးထားသော ထိုဇာတ်ကားတွင် အမေရိကန်သရုပ်ဆောင် အလိဇဘတ်မော့စ်က ပါဝင်ထားသည်။

လူစိမ်းတစ်ဒါဇင်ခန့်သည် ချမ်းသာသူ အမဲလိုက်သူများ၏ လိုက်လံဖမ်းဆီးခံခဲ့ရသော အားကစားပွဲတစ်ခုအကြောင်း ရိုက်ကူးထားသော Universal ၏ နောက်ထပ်ဇာတ်ကားသစ် The Hunt က လက်မှတ်ဝင်ငွေ ဒေါ်လာ ၅.၃ သန်းဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေခဲ့သည်။

 


READ NEXT
Cancel OK