ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော နောက်ဆုံးသရုပ်ဆောင်ဖြစ်လာခဲ့သည့် ဗြိတိန်သရုပ်ဆောင် အီဒရစ်အယ်ဘာက သူသည် မည်သည့်ရောဂါလက္ခဏာမျှ မပြသေးကြောင်း၊ သို့သော် ရောဂါခြေချုပ်ဖြင့် နေထိုင်နေကြောင်း Twitterv တွင် မတ် ၁၆ ၌ ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်စုံတစ်ဦးနှင့် ထိတွေ့ခဲ့သည်ဟု ယူဆသောကြောင့် မတ် ၁၃ တွင် ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အသက် ၄၇ နှစ်ရှိပြီဖြစ်သော အယ်ဘာက ပြောကြားခဲ့သည်။ ၎င်းသည် အဆင်ပြေနေကြောင်း အယ်ဘာက ပြောကြားခဲ့ပြီး ယင်းသည် အလေးအနက်ပြောကြားခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
ယခုအချိန်သည် လူတစ်ဦးနှင့်တစ်ဦးအကြား အကွာအဝေးတစ်ခုခြား၍ နေခြင်းနှင့် လက်များဆေးရမည့် အချိန်ဖြစ်ကြောင်း အယ်ဘာက ထိုဗီဒီယိုတွင် ပြောကြားခဲ့သည်။ ရောဂါလက္ခဏာများ မပြသဘဲ သွားလာနေသူများရှိပြီး ထိုရောဂါသည် အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်းလည်း BBC One ရုပ်သံ၏ Luther ဇာတ်လမ်းတွဲတွင် ဂျွန်လူသာအဖြစ် သရုပ်ဆောင်ခဲ့သော အယ်ဘာက ပြောကြားခဲ့သည်။
အယ်ဘာတင်ခဲ့သော ဗီဒီယိုထဲတွင် ၎င်း၏ဇနီးဖြစ်သူ ဆဘရီနာဒိုရီလည်း ပါဝင်ခဲ့သည်။ အယ်ဘာကမူ ဇနီးဖြစ်သူသည် ဗိုင်းရပ်စ်ကူးစက်မခံရဘဲ အဆင်ပြေကြောင်း ပြောကြားခဲ့သည်။
ပွင့်လင်းမြင်သာရှိမှုသည် လတ်တလော အချိန်အတွက် အကောင်းဆုံးအရာ ဖြစ်နိုင်ခြေရှိကြောင်း Fast & Furious Presents Hobbs & Shaw ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သော အယ်ဘာက ပြောကြားခဲ့သည်။
နေထိုင်မကောင်းဖြစ်နေသူများအနေဖြင့် ဖြစ်နိုင်လျှင် ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုခံယူရန် တွန်းအားပေးလိုကြောင်း ပြောကြားလျက် အယ်ဘာက လတ်တလောတွင် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၇၀၀၀ ကျော်နှင့် ကူးစက်မှု ၁၈၀၀၀၀ ကျော် ရှိလာခဲ့သည့် COVID-19 ကူးစက်ခံရသည့် အခြားသူများနှင့်အတူ တစ်သားတည်းရှိကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများအား ပိတ်ပင်ကန့်သတ်ထားရချိန်တွင် ဗိုင်းရပ်စ်ကြောင့် ချစ်ခင်ရသူများအား ဆုံးရှုံးခဲ့ရသူများ သို့မဟုတ် အသက်မွေးဝမ်းကျောင်း ဆုံးရှုံးရမှုများ ကြုံတွေ့ခဲ့ရသူများအတွက် ထပ်တူဝမ်းနည်းမိကြောင်းလည်း တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေးပြယုဂ်ဖြစ်သော နယ်ဆင်မင်ဒဲလား၏ အတ္ထုပတ္တိဇာတ်ကား Mandela: Long Walk to Freedom တွင် မင်ဒဲလားအဖြစ် သရုပ်ဆောင်ခဲ့သည့် အယ်ဘာက ပြောကြားခဲ့သည်။
ဗြိတိန်တွင် COVID-19 ကူးစက်ပျံ့နှံ့မှုအား တိုက်ဖျက်ရေးအား မတ် ၁၆ တွင် အရှိန်မြှင့်တင်ခဲ့ပြီး တစ်စုံတစ်ဦး ကူးစက်ခံရပါက နေအိမ်တွင် သီးခြားခွဲနေကြရန်၊ နေအိမ်မှတစ်ဆင့် အလုပ်လုပ်ကြရန်၊ လူစုလူဝေး ပြုလုပ်မှုများအား ရပ်တန့်ရန် အစိုးရက အကြံပြုခဲ့သည်။ ဗြိတိန်တွင် မတ် ၁၇ အထိ COVID-19 ကြောင့် ကူးစက်မှု ၁၅၀၀ ကျော်နှင့် သေဆုံးသူ ၅၀ ကျော် ရှိနေသည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်