ပရိသတ်တွေရဲ့အားပေးနှစ်သက်မှုတွေ ချစ်ခင်မှုတွေကိုရရှိထားပြီး အနုပညာအပေါ်မှာလည်း ကြိုးစားမှုအပြည့်ရှိသူဖြစ်ပေမယ့် ပရိသတ်တွေ အတွက် အနုပညာခြေလှမ်းတွေနဲ့ အတန်ကြာဝေးကွာခဲ့သူက သရုပ်ဆောင် မိုးဟေကိုပါ။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးအဖြစ် ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း တည်ထောင် လုပ်ကိုင်နေပေမယ့်လည်း သူ့ရဲ့ ထုတ်လုပ်ရေးကနေ သူကိုယ်တိုင်ပါဝင်ထားတဲ့ရုပ်ရှင်ကားဆိုတာ နည်းပါတယ်။ အဲဒီထဲကမှ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ ငါ၏အမိန့်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် မိုးဟေကိုနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးတွေဖော်ပြပေးလိုက်ပါတယ် . . .
မေး- ‘ ငါ၏ အမိန့်’ ရုပ်ရှင် ဇာတ်ကားလေးကို ရိုက်ကူးဖြစ်ခဲ့တာလေးကို အရင်သိပါရစေ
ဖြေ- အဲဒါကတော့ ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထုတ်လုပ်ရေးကနေ ဇာတ်လမ်းမျိုးစုံကို ရိုက်ကူးခွင့်ရချင်တယ်။ဇာတ်လမ်းအမျိုးအစားအစုံကို လည်း ထုတ်လုပ်ချင်တယ်။ တစ်ကားပြီး တစ်ကားကောင်းသထက်ကောင်းအောင်လည်း ကြိုး စားပြီး ရိုက်ကူးနေပါတယ်။ အဲဒီအတွက် ဒီဇာတ်ကားလေးကိုလည်း ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တာပါ။ ‘ ငါ၏ အမိန့်’ ဇာတ်ကားလေးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်လောက်က ရိုက်ကူး ဖြစ်ခဲ့တဲ့ဇာတ် ကားလေးပါ။ အရင်က ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းအမျိုးအစားတွေနဲ့ မတူတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးလည်းဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ရွေးချယ် ဖြစ်ခဲ့တာဖြစ်သလို အမျိုးအစားမတူတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ရသမတူတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေအတွက် တင်ဆက်နိုင်ဖို့အတွက်လည်း ရည် ရွယ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တာပါ။
မေး- ‘ ငါ၏ အမိန့်’ မှာပါဝင်ထားတဲ့ ဇာတ်ကောင်က ဘယ်လိုဇာတ်ကောင်မျိုးလဲ။ အဲဒီဇာတ်ကောင်အတွက်ရော ဘယ်လိုတွေကြိုးစားခဲ့ရလဲ
ဖြေ- ဒီဇာတ်ကားလေးမှာ မိုးပါဝင်ထားတဲ့ ဇာတ်ကောင်ထက် ကိုမြင့်မြတ် ပါဝင်ရတဲ့ဇာတ် ကောင်က ပိုပြီးထူးချွန်သလို သူကိုယ်တိုင်လည်း ပိုပြီး ကြိုးစားရပါတယ်။ အမကတော့ ဒီဇာတ် ကားလေးထဲမှာ သာမန ်အိမ်ရှင်မတစ်ဦးအဖြစ်နဲ့ပဲ ပါဝင်ထားပါတယ်။ ထူးထူးခြားခြား ဇာတ်ကောင်စရိုက်မျိုးလည်း မရှိပါဘူး။ ဒီဇာတ်ကားမှာတော့ ကိုယ်က ဇာတ်အတွက် ပါဝင်အားဖြည့်ပေး ထားတဲ့ ဇာတ်ကောင်အဖြစ်ပဲ ပါဝင်ထားပါတယ်။
မေး- ‘ငါ၏ အမိန့်’ ဇာတ်ကားက ထွေလာမှာတည်းက ပရိသတ်တွေစိတ်ဝင်စားခဲ့ကြတယ်ဆိုတော့ ဇာတ်ကားနဲ့ပတ် သက်ပြီး ပရိသတ်တွေကို ဘာတွေများထပ်ပြီးပြောပြထားချင်လဲ
ဖြေ- ဒီဇာတ်ကားလေးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကိုယ်တိုင်လည်း ထုတ်လုပ်သူတစ်ယောက် အဖြစ် ဒီဇာတ်လမ်းလေးကိုကြိုက်တဲ့အတွက် ချက်ချင်းအကောင်အထည်ဖော်ပြီး ရိုက်ကူးဖြစ်ခဲ့ကြ တာပါ။ ရုံတင်ဖို့အတွက်ကတော့ အချိန်အနည်းငယ်ကြန့်ကြာမှုတွေရှိသွားတာပေါ့။ ဒါပေမဲ့လည်း ပရိသတ်တွေအတွက်တော့ အရမ်းကြီးဟောင်းသွားတဲ့ဇာတ်မျိုးဖြစ်မနေပဲ Up to Date ဖြစ်နေပါသေးတယ်။ ဒီဇာတ်ကားလေးက ဘယ်ချိန်အခါမှာပဲပြသပါစေ ပြသလို့ အဆင်ပြေတဲ့ ဇာတ်လမ်းမျိုး၊ ဇာတ်ကားမျိုးလေးလည်းဖြစ်နေပါတယ်။ နောက်ပြီး ဒီဇာတ်ကားကို ရိုက်ကူးခဲ့စဉ် ကလည်း ပါဝင်ဖန်တီးကြသူတွေ အားလုံးက ဇာတ်ကားအပေါ်မှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် အကောင်းဆုံးကြိုးစားပြီး ဖြည့်ဆည်းကြိုးစားထားပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင်ကြိုးစားထာတာဖြစ်လို့ ရုံတင်ပြသခွင့်ရတဲ့အခါ အားပေးစေချင်ပါတယ်။
မေး- ‘ ငါ၏ အမိန့်’ ဇာတ်ကားအပေါ်မှာရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ
ဖြေ- အဲဒါကတော့ အရင်တည်းက ဘယ်အရာကိုပဲဖြစ်ဖြစ် အဆိုးဘက်ကရော အကောင်းဘက် ကရော အရမ်းကြီးမျှော်လင့်မထားတတ်ဘူး။ အရမ်းကြီး မျှော်လင့်ပြီးဖြစ်မလာရင် ခံစားရတယ် လေ။ ဒီဇာတ်ကားအပေါ်မှာလည်း ပရိသတ်အားပေးသလောက်ပါပဲ။ ဒါပေမဲ့လည်း အကောင်း ဆုံးဖြစ်အောင်လို့ အချိန်တိုင်းကြိုးစားနေရမှာတော့ ကိုယ့်တာဝန်ပဲလေ။ အဲဒီအတွက် အခုချိန်မှာ ပြောနိုင်တာကတော့ ဇာတ်ကားအပေါ်မှာ အကောင်းဆုံးဖြစ်အောင်လို့ သရုပ်ဆောင်မှုပိုင်း မှာလည်း ကြိုးစားထားသလို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ကလည်း ထုတ်လုပ်မှုပိုင်းမှာ လိုအပ်တာတွေကို သေချာပံ့ပိုးပြင်ဆင်ပြီး အကောင်းဆုံး ရိုက်ကူးထားပါတယ်။
မေး- ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ကိုယ့်စိတ်ကြိုက် ဇာတ်လမ်းမျိုးကို ကိုယ်တိုင်ရိုက်ကူးဖို့ စီစဉ်ထားတာမျိုးရှိလား။
ဖြေ- ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်း တွေကို တင်ဆက်နိုင်ဖို့ အမြဲကြိုးစားပါတယ်။ လက်ရှိမှာ ရိုက်ကူးထားပြီး ရုံတင် ပြသခွင့်မရသေးတဲ့ ဇာတ်ကားတွေလည်းရှိပါတယ်။ အဲဒီဇာတ်ကားတွေထဲ မှာ မိုးကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားလေးတွေလည်းရှိပါတယ်။ ကိုယ့်စိတ်ကြိုက်သရုပ်ဆောင်ချင်တဲ့ ဇာတ်လမ်းမျိုးဆို တာတော့ စီစဉ်ထားတာမရှိသေးပါဘူး။ ကိုယ့်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ဆိုပေမယ့်လည်း ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကို မိုးရဲ့ သူငယ်ချင်းတွေ နဲ့အတူ လုပ်ငန်းတစ်ခုအဖြစ် တည်ထောင်ထားတာပါ။ အဲဒီ အတွက် ဇာတ်ကားကောင်းတွေကိုလည်း သေချာလေးရွေးချယ် ရိုက်ကူးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုလည်းဖြစ် တဲ့အတွက် ကိုယ့်သရုပ်ဆောင်ချင်တဲ့ ဇာတ်ကားမျိုးဆိုတာထက် ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုအနေနဲ့ အကောင်းဆုံးလည်ပတ်နိုင်မယ့်ပုံစံမျိုးကိုပဲ အဓိကဦးစား ပေးပြီး လုပ်ဖြစ်ပါတယ်။
မေး- ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ဆက်လက်ရိုက်ကူးမယ့် ဇာတ်ကားတွေရှိရင်လည်း သိပါရစေ
ဖြေ- ‘ မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ ရိုက်ကူးထားပြီး သား ဇာတ်ကားအချို့ကို ရုံတင်ပြသခွင့်ရဖို့စောင့်နေပါတယ်။ နောက်ထပ် ရိုက်ကူးဖို့ ရွေးချယ်ထားတဲ့ဇာတ် လမ်းတွေရှိပေမယ့်လည်း ရိုက်ကူးမှုတွေကို ဆက်ပြီးမလုပ်ဖြစ်သေးပါဘူး။ ကိုယ့်ဆီမှာ ရိုက်ကူးပြီးသားကားတွေအရမ်း များပြီး ပြသခွင့်ရဖို့အတွက်ကလည်း အချိန်မသေချာတာကြောင့်ပါ။ ရိုက်ကူးဖြစ်ရင်တော့ ပရိသတ်တွေအတွက် ကြည့် လို့ကောင်းမယ့် ဇာတ်လမ်းမျိုးကို အကောင်းဆုံးတင်ဆက်မှုတွေနဲ့အတူ ရိုက်ကူး သွားမှာပါ။
မေး- အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တဲ့စကားရှိရင်
ဖြေ- အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အနုပညာ အလုပ်တွေကိုလည်း အခွင့်အရေးရသလောက် သေချာကြိုးစားပြီးလုပ်ကိုင်သွား မှာပါ။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်