Top News

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်
24htopnews | September 2, 2024 2:12 PM CST

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန် ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြား အဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချရမည့် ကျောက်မျက်ရတနာများ ရောင်းရငွေအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပြည်တွင်းရတနာ ကုန်သည်များ ပြပွဲဝင်ခွင့် ပြုလုပ်ရာတွင် အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (My Co) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ အသင်းမှတ်ပုံတင်လက်မှတ်၊ လိုင်စင်မိတ္တူ (မူရင်းပူးတွဲတင်ပြရမည်)၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမိတ္တူ (မူရင်းပူးတွဲတင်ပြရ မည်)၊ တစ်လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ပြပွဲဝင်ခွင့် အတွက် ဝင်ကြေးငွေ ပေးသွင်းခဲ့သည့် ဘဏ်ငွေသွင်းချလံ (မူရင်း)၊ မြန်မာ့ကွန်ပျူတာ ကုမ္ပဏီလီမိတက်တွင် ကြိုတင်ထည့်သွင်းထားသော ကုမ္ပဏီ၊ အသင်းတို့မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ လိုင်စင်ရရှိသူများ၏ စာရင်းနှင့် ကွဲလွဲမှုရှိပါက မူရင်းအထောက်အထားဖြင့် ပြန်လည်ပြင်ဆင်ပေးရမည် စသည်တို့ ပါဝင်သည်။

နိုင်ငံခြားငွေဖြင့် ရောင်းချပါက ပြည်ပရှိ ဘဏ်များမှ ထုတ်ဝေသည့် Visa, Master, JCB, CUP အစရှိသည့် (Debit/Credit Card) တို့ဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ ဝယ်ယူသူ၏အမည်၊ Passport နံပါတ်နှင့်  ငွေသားအသုံးပြု ကတ်နံပါတ်တို့ကို သိသာထင်ရှားစွာ ဖြည့်သွင်းဆောင်ရွက်ရမည်၊ လက်ခံရောင်းချသည့် ကတ်အမျိုးအစား (Visa, Master, JCB, CUP) ကို နောက်ဆက်တွဲ(ခ)ပါ ပုံစံအတိုင်း ရှင်းလင်းစွာ ဖော်ပြရမည်၊ အဆိုပါ လုပ်ငန်းစဉ်များအပြင် အခါအားလျော်စွာ ထုတ်ပြန်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို စက်တင်ဘာ ၁၆ မှ ၂၅ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။

 


READ NEXT
Cancel OK