ဝေါ့ဒစ္စနေကုမ္ပဏီမှ ဖြန့်ချိသည့် လိင်တူစုံတွဲဖော်ပြမှုပါသည့် အန်နီးမေးရှင်းရုပ်ရှင်ဇာတ်ကားကြီး Lightyear ကို အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများအပါအဝင် နိုင်ငံ ၁၄ နိုင်ငံတွင် ရုံတင်ပြသလိမ့်မည်မဟုတ်ပေ။
ကမ္ဘာ့အကြီးဆုံးရုပ်ရှင်စျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင်လည်း အာဏာပိုင်များက ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းအချို့ကို ဖြတ်တောက်ပေးရန် တောင်းဆိုထားသည်များရှိသော်လည်း ဒစ္စနေဘက်က ငြင်းဆန်ထားသဖြင့် Lightyear ကို တရုတ်၌လည်း ပြသခွင့်ရမည်မဟုတ်ဟု ဇာတ်ကားပရိုဂျူဆာတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားထားသည်။
တရုတ်နိုင်ငံသည် ယခင်ကတည်းက လိင်တူစုံတွဲပါသည့် ဇာတ်ဝင်ခန်းဖော်ပြမှုများကို လက်မခံခဲ့သည့်နိုင်ငံဖြစ်သည်။
လိင်တူအတွဲနမ်းသည့်အခန်းပါသည့် ၎င်းအန်နီမေးရှင်းရုပ်ရှင်ကို အာရပ်စော်ဘွားများနိုင်ငံက ပြသခွင့်တားမြစ်ထားပြီး နိုင်ငံ၏မီဒီယာစံနှုန်းများနှင့်မညီဟုဆိုသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအများစုတွင် လိင်တူစုံမက်မှုကို ပြစ်မှုအဖြစ်လည်း ယူဆထားသည်။
ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် လက်ဘနွန်နိုင်ငံတို့တွင်လည်း အဆိုပါရုပ်ရှင်ကို ပြသခွင့်မပြုထားပေ။
ဇာတ်ကားထဲတွင် အဓိကဇာတ်ကောင် Buzz Lightyear (အာကာသရိန်ဂျာ) အတွက် အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စအီဗန်စ်က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။ Buzz ၏သူငယ်ချင်း အမျိုးသမီး အာကာသရိန်ဂျာက လိင်တူချင်းလက်ထပ်ထားသူဖြစ်သည်။
အသံသရုပ်ဆောင် အီဗန်စ်ကမူ LGBTQ ပြဿနာကြောင့် Lightyear ရုပ်ရှင်ဇာတ်ကားကို လက်မခံကြခြင်းမှာ စိတ်ပျက်စရာဟုဆိုသည်။
၎င်းရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတွင် လာမည့်ဇွန် ၁၇ ရက်၌ စတင်ရုံတင်မည်ဖြစ်သည်။
ပြီးခဲ့သည့်မေကလည်း မာဗယ်ရုပ်ရှင် Doctor Strange နှင့် The Multiverse of Madness ဇာတ်ကားများတွင်ပါသည့် လိင်တူဇာတ်ဝင်ခန်းများကို ဖြုတ်ပေးရန်တောင်းဆိုသည်ကို ဒစ္စနေကုမ္ပဏီဘက်က ငြင်းခဲ့သည့်အတွက် ဆော်ဒီအာရေဗျအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့က ၎င်းဇာတ်ကားများကို ရုံတင်ခွင့်မပြုခဲ့ပေ။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်