Top News

အဆိုတော် ဘီလီအိုင်းလစ်ရှ်က ဂလက်စ်တွန်ဗျူရီတွင်ပြုလုပ်သည့် ဖျော်ဖြေပွဲ၌ အမေရိကန်၏ ကိုယ်ဝန်ဖျက်ချမှုဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့
24htopnews | August 31, 2024 12:12 PM CST

နာမည်ကျော်အဆိုတော် ဘီလီအိုင်းလစ်ရှ်က ဗြိတိန်နိုင်ငံ ဂလက်စ်တွန်ဗျူရီတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ၌ ကိုယ်ဝန်ဖျက်ချခွင့်ကို အဆုံးသတ်ရန် အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့သည်။

“ဒီနေ့ (ဇွန် ၂၄ ရက်) ကတော့ အမေရိကန်က အမျိုးသမီးတွေအတွက် တကယ့်ကို အမှောင်ကျခဲ့တဲ့နေ့ဖြစ်ပါတယ်”ဟု အသက် ၂၀ အရွယ် ဘီလီက ပြောကြားခဲ့သည်။

“ကျွန်မ ဒါကို မတွေးဘဲမနေနိုင်တဲ့အတွက် အခုလို ထုတ်ပြောလိုက်ရတာဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်း အမျိုးသမီးများအား ကိုယ်ဝန်ဖျက်ချခွင့်ကို ခွင့်ပြုပေးထားသည့်  Roev Wade ဟုလူသိများသော နှစ် ၅၀ သက်တမ်းရှိဥပဒေကို အမေရိကန်တရားရုံးချုပ်က ဇွန် ၂၄ ရက်တွင် ပယ်ဖျက်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်အရ အမေရိကန်တစ်ဝန်းရှိ သန်းနှင့်ချီသည့် အမျိုးသမီးများသည်   တရားဝင် ကိုယ်ဝန်ဖျက်ပိုင်ခွင့်ကို ဆုံးရှုံးသွားမည်ဖြစ်ပြီး ပြည်နယ်တစ်ခုချင်းစီအလိုက် ယင်းအပေါ် ၎င်းတို့၏ကိုယ်ပိုင်ဥပဒေများကို  ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ဘီလီသည် ဂလက်စ်တွန်ဗျူရီဖျော်ဖြေပွဲတွင် ယင်းဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် တစ်ဦးတည်းသော အဆိုတော် ဖြစ်သည်။

ယင်းညအစောပိုင်းအချိန်ကလည်း အဆိုတော် ဖိုးဘီဘရစ်ဂျာက DJ ဂျွန်ပီးလ်၏ စင်မြင့်ပေါ်တွင် ၎င်း၏ ပွဲဦးထွက်ဖျော်ဖြေမှုအတွင်း အလားတူထုတ်ပြန်ချက်ကို ပြောကြားခဲ့သည်။

“ဒီနေရာမှာဖျော်ဖြေတာ ကျွန်မရဲ့ ပထမဆုံးအခိုက်အတန့်ပါပဲ။ ဒါဟာ အိပ်မက်ဆန်ပြီး အံ့သြဖွယ်အခိုက်အတန့်ဖြစ်ပေမဲ့ ကျွန်မအတွက် တကယ့်ကိုဆိုးရွားတဲ့နေ့ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဆက်လက်၍ ဘရစ်ဂျာက “ကျွန်မတို့ ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုပြီး ပြောဖို့ကြိုးစားနေတဲ့ တရားရုံးချုပ် တရားသူကြီးတွေဟာ ရှေးကျသူတွေဖြစ်ပါတယ်” ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

ဘီလီ၏ ဖျော်ဖြေတင်ဆက်မှုသည်အသက် ၂၀ အရွယ်ဖြင့် ဂလက်စ်တွန်ဗျူရီ၏ အသက်အငယ်ဆုံး တစ်ဦးတည်းတင်ဆက်သူ ဖြစ်လာခဲ့သည်။ ထိုဖျော်ဖြေပွဲတွင် ဘီလီသည် Bury A Friend အဖွင့်သီချင်းဖြင့် စတင်ခဲ့သည်။ ဂရမ်မီဆုရှင် ဘီလီသည် Happier Than Ever ကမ္ဘာလှည့်ဖျော်ဖြေမှု တစ်စိတ် တစ်ပိုင်းအဖြစ် သြဂုတ်လတွင် စင်ကာပူ၌ ဖျော်ဖြေသွားမည်ဖြစ်သည်။


READ NEXT
Cancel OK