ကိုလံဘီယာအဆိုတော်ရှကီယာသည်၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် အတွင်း ဒေါ်လာ ၁၆.၃ သန်း အခွန်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး အခွန်ရှောင်မှုဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် အမှုဖွင့်ခဲ့သည်။
ရှကီယာသည် အခွန်လုပ်ငန်းစဉ်များအတွက် ၎င်း၏ အမြဲတမ်းနေထိုင်သည့် နေရာကို ဘဟားမားစ်ဟု စာရင်းသွင်းခဲ့သော်လည်း စင်စစ်တွင်မူ ယင်းကာလများအတွင်း ၎င်း၏အတူနေလက်တွဲဖော် ဂျရတ်ပီကေးနှင့်အတူ စပိန်တွင် နေထိုင်ခဲ့သည်ဟု အမှုတွဲတွင် ဖော်ပြခဲ့သည်။ ဘဟားမားစ်တွင် အခွန်ဆောင်ရသည့်နှုန်းသည် စပိန်ထက်များစွာ နည်းပါးသည်။
အစိုးရရှေ့နေများသည် ရှကီယာပုံမှန်နေထိုင်လေ့ရှိသည့် ကာတာလိုနီးယားဒေသတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ရှကီယာ၏ ပြောခွင့်ရပုဂ္ဂိုလ်များကမူ ယင်းအကြောင်းအရာကို မှတ်ချက်မပေးခဲ့ပေ။ ယင်းနှစ်များအတွင်း စပိန်တွင် အမြဲတမ်းနေထိုင်ခွင့်ရတစ်ဦး အဖြစ်နေထိုင်ခဲ့ ခြင်းမဟုတ်ကြောင်း၊ ယင်းအတွက် အခွန်အာဏာပိုင်များကို အခွန်ပေးဆောင်ရန် ဝတ္တရားမရှိကြောင်း ရှကီယာက ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် ဒီဇင်ဘာ ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စပိန်အခွန်အာဏာပိုင်များက ရှကီယာအခွန်ရှောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးထားသည့် သက်သေအထောက်အထားများကို လွန်ခဲ့သည့်တစ်နှစ်ကတည်းက ဘာစီလိုနာအစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်။
ရှကီယာသည် စပိန်တွင် အများဆုံးနေထိုင်ခဲ့ပြီး အနုပညာအလုပ်များအတွက် ပြည်ပသို့ အချိန်တိုသာသွားရောက်ခဲ့သည်ဟု ဘာစီလိုနာရှိ အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ယင်းကာလများအတွင်း ရှကီယာ၏ ကမ္ဘာတစ်ဝန်းမှရရှိသည့် ဝင်ငွေများနှင့်ပတ်သက်ပြီး စပိန်တွင် အခွန်ဆောင်စေလိုသည်။ အသက် ၄၁ နှစ်အရွယ်ရှိ ရှကီယာသည် ပီကေးနှင့်ရသည့် ကလေးနှစ်ဦးမွေးပြီးနောက် ၂၀၁၅ ခုနှစ်တွင် စပိန်သို့ တရားဝင်ပြောင်းရွှေ့နေထိုင်ခဲ့သည်။
အခွန်ရှောင်မှုစွဲချက်နှင့်ပတ်သက်ပြီး ရှကီယာကို ရုံးတင်စစ်ဆေးရန် လုံလောက်သည့် သက်သေအထောက်အထား ရှိ၊ မရှိကို အောက်ရုံးတရားသူကြီးက ဆုံးဖြတ်မည်ဖြစ်သည်။
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း
-
ရန်သူများ၏ မည်သည့် တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမည်ဟု အီရန်တပ်ဖွဲ့ ထုတ်ပြန်